မွန်ပြည်နယ်အတွင်းက စာသင်ကျောင်းတွေမှာ နေရာယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှာမဟုတ်ဘူးလို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတပ်ဦးက ဇွန် ၁ ရက်မှာ ကြေညာပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရပ်ဘက်နေရာတွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတီပုထိုးတွေ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီဝတ်ပြုကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ တပ်စွဲထားပေမဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတပ်ဦးက ဝင်ရောက်တိုက်ခိုက်သွားမှာ မဟုတ်ကြောင်း၊ ဒါ့အပြင် ဆေးရုံနဲ့ စာသင်ကျောင်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်သွားမှာ မဟုတ်ကြောင်း ထုတ်ပြန်လိုက်တာပါ။
ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစု တပ်ဦးဘက်မှ အဆိုပါ ထုတ်ပြန်ထားတဲ့ အဖွဲ့ဝင်တွေကိုလည်း အပြန်အလှန် ထိန်းကျောင်းသွားမယ့်အပြင် ပြစ်မှုကျူးလွန်ခဲ့ပါက ဒဏ်ခတ်အရေးယူပြီး တာဝန်ခံမယ့်စနစ်ကိုလည်း ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေ၊ အရာရှိ အရာခံတွေက ပြည်သူလူထုအပေါ် သူလျှိုလုပ်ပြီး သတင်းပေးတွေလုပ်နေရင် ထိရောက်စွာ လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတပ်ဦးကို ဖေဖော်ဝါရီ ၁၃ ရက်က ကျောပိုးအိတ်စခန်းစနစ်နဲ့ ဖွဲ့စည်းထားပြီး ရေးမြို့ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ (YST-F)၊ ရေးဘီလူး၊ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO နဲ့ Ye Joker Forces အဖွဲ့ ၄ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။
အဆိုပါ မဟာမိတ်တပ်ပေါင်းစု တပ်ဦးတပ်ဖွဲ့တွေက ဒီနေ့အထိ စစ်ကောင်စီတပ်တွေကို ရရာလက်နက်တွေနဲ့ နည်းမျိုးစုံအသုံးပြု တိုက်ခိုက်နေပါတယ်။