Home
မြန်မာသတင်း
ကလေးမြို့နယ် ကျေးရွာများကို စစ်တပ်ကမီးရှို့ဖျက်ဆီး၊ စစ်ရှောင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
June 1, 2022

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနဲ့ ထောက်ကြန့်ရွာသစ်ကျေးရွာရှိ ‌နေအိမ်တွေကို စစ်‌ကောင်စီတပ်က မီးရှို့ဖျက်ဆီး‌ခဲ့သလို နတ်မြောင်းကျေးရွာက စစ်ရှောင်စခန်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်​ပြည်သူတချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့  ဒေသခံတွေက  ‌ပြောပါတယ်။

ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာသားတွေရဲ့ နေအိမ်တွေကို စစ်‌ကောင်စီတပ်က‌ မေ ၃၁ ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီး‌ခဲ့တယ်လို့ ‌ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့အနေနဲ့ ဒါကတော့ အဆန်းတကြယ် မဟုတ်တော့ဘူး။ ရွာအနီးမှာ ထိ‌‌တွေ့မှုတွေ ဖြစ်တယ်၊ ရွာကိုဝင်တယ်၊ မီးရှို့တယ်။ အခုတော့ ဝေးရာကို ရောက်နေတယ်။ မီးရှို့ခံရတာက အခုဆိုရင်‌ ငါးကြိမ်ရှိပြီပေါ့။ ပြေးနေရတာကလည်း ကြာပြီ။ ခက်ခဲတာကတော့ နေထိုင်စားသောက်ရေးပါ။"

နတ်ချောင်းကျေးရွာမှာ အိမ်ခြေ ၂,၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၀,၀၀၀ ဝန်းကျင် နေထိုင်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ အခုအကြိမ်နဲ့ဆိုရင် နတ်‌ချောင်းရွာကို မီးရှို့တာ ၅ ကြိမ်ရှိပြီဖြစ်ပြီး နတ်ချောင်းကျေးရွာက ပညာ့ဗိမာန် ကိုယ်ပိုင်အထက်တန်း‌ကျောင်း အပါအဝင်‌ နေအိမ် ၂၀၀‌ ‌ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးနယ်တောင်ပိုင်းရှိ ကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်‌နေပါတယ်။

အလားတူ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မေ ၂၉ ရက် မွန်းလွဲပိုင်းက ကလေးမြို့နယ် ထောက်ကြန့်ရွာသစ်ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တချို့ကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

ကလေး PDF တပ်ရင်း တာဝန်ရှိသူတဦးက “အဲဒီစစ်ကြောင်းဟာ ကျနော်တို့ တပ်ရင်း ၂ ကို ဖြိုခွင်းဖို့ ဦးတည်လာတာ၊ တပ်ရင်း ၂ ရဲ့ အဝေးကင်း တိုက်မိုင်းထိပြီး အခုလို ထောက်ကြန့်ရွာသစ်ထဲ ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။ ကျနော်တို့ တပ်ရင်း ၂ အနေနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့အတွက် ရဲဘော်တဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိသလို လက်နက်ခဲယမ်းနဲ့ ပစ္စည်းတစုံတရာ ဆုံးရှုံတာ မရှိပါဘူး။ ရဲဘော်တွေ ဘေးကင်းရာ ပြောင်းရွှေ့နေရတော့ အစစအရာရာ လိုအပ်လို့ နိုင်သလောက် ကူပေးကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တွေကို PDF-Kalay (B02)၊ CDF - KKG၊  ပ.က.ဖနဲ့ ရွာခံတွေ ပူးပေါင်းကာ မီးငြှိမ်းသတ်ပေးခဲ့ပါတယ်။

ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာမှာလည်း  စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က မေ ၃၁ ရက် နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်​ပြည်သူတချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံတဦးက "လက်နက်ကြီးက ၆ ချက်လောက်ပစ်တယ်။ ကလေး ၂ ယောက်နဲ့ တခြားဒဏ်ရာရသူ ၅ ယောက်လောက်ရှိတယ်။ ဒဏ်ရာပြင်းထန်သူ ၃ ယောက်ကို အရေးပေါ်ဆေးကုသဖို့ ပို့ဆောင်ထားတယ်။”

နတ်မြောင်းကျေးရွာက စစ်ရှောင်စခန်းကို နတ်ချောင်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက တဖက်သတ် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် နတ်မြောင်းကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီးကျောင်း အုတ်နံရံတွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၃၁ ရက်က  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထောက်ကြန့်ရွာဘက်ကတဆင့် နတ်မြောင်းရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာ  PDF (Kalay) ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ကလေး PDF  တာဝန်ခံ ကိုသူရိန်ဇင်က ပြောပါတယ်။

"တိုက်ပွဲက တော်တော်ပြင်းထန်ခဲ့တာ။ နှစ်ဦးနှစ်ဖက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲအပြီးမှာနတ်ချောင်းရွာက နေအိမ်တွေကို မီးရှို့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူး။ သူတို့ ဘက်ကတော့ရှိနိုင်တယ်။" 

နတ်မြောင်းနဲ့ နတ်ချောင်း​ကျေးရွာက စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်ပြည်သူ ၁,၇၀၀ ဝန်းကျင်ရှိတယ်လို့ သိရပြီး ၂၀၂၁ ခု နိုဝင်ဘာလကတည်းက ​ဒေသခံတွေ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

လတ်တလော ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF  တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာတာ မပြုလုပ်ကြဖို့လည်း ကလေး PDF က‌ သတိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်မ(၉၉)လက်အောက်ခံတပ်က အင်အား ၂၀၀ နီးပါး စစ်ကြောင်းထိုး ရောက်ရှိခဲ့ပြီး ဟင်္သာကျေးရွာကပြည်သူ ၈ ယောက်ကို မီးရှို့ သတ်ဖြတ်သွားခဲ့တယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေက ရွှေတွင်းကုန်းလေးရွာ၊ အုပ်ရှစ်ကြီးရွာ၊ စက်ကျေးရွာ၊ သစ်ချိုကျေးရွာ လိန်လှကျေးရွာနဲ့ ဟင်္သာကျေးရွာတွေကို ဝင်ရောက်အကြမ်းဖက်မီးရှို့ခဲ့ရာမှာ အဲဒီရွာတွေအားလုံးရဲ့ နေအိမ် ၂၀၀ ကျော် မီးလောင်ခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေ လယ်ယာသုံးစက်ပစ္စည်းတွေ စပါးနဲ့ စားသောက်ကုန်ပစ္စည်းတွေကို မီးရှို့သွားခဲ့တယ်လို့ဆိုပါတယ်။ 

အဲဒီအပြင် ရွှေတွင်းကုန်းလေးရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၂၀၀ ကျော်ကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်ဘေးရှောင်တွေပါလာတဲ့ ရွှေငွေ လက်ဝတ်ရတနာတွေကိုလည်း ဓားပြတိုက်သွားတယ်လို့ အဲဒီကျေးရွာက ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝင်တစ်ယောက်ကဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နယ် တိုက်ကျေးရွာဘက်ကို အင်အားအများအပြားနဲ့ ဆက်လက်ထွက်ခွာသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024