၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံနေရာမှာ ဇွန် ၁ ရက်ရက်အထိ ကျောင်းအပ်နှံတဲ့ ကျောင်းသား ကျောင်းသူပေါင်း ၅ ဒသမ ၂ သန်းကျော်ရှိပြီး ဧရာဝတီတိုင်းကအများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဇွန် ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာဖြစ်ပြီး အရင်ပညာသင်နှစ်က ကျောင်းအပ်နှံသူစုစုပေါင်း ၅ ဒသမ ၃ သန်းရှိခဲ့ပေမဲ့ အခုနှစ် ကျောင်းအပ်နှံသူ ၅ ဒသမ ၂ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။
"ယခင်နှစ်က အပ်နှံမှု ၅ ဒသမ ၃ သန်း ရှိပါတယ်။ ဒီနှစ်မှာတော့ ကျောင်းအပ်နှံမှုက ဇွန်လ ၁ ရက်နေ့အထိ အပ်နှံပြီးသူ ၅ ဒသမ ၂ သန်းရှိပြီး ၉၉ ဒသမ ၂၄ ရာခိုင်နှုန်း အပ်နှံပြီးပြီ ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ကျောင်းအပ်နှံမှုစာရင်း ကောက်ယူရာမှာ မနှစ်က ကျောင်းအပ်နှံတဲ့စာရင်း အပေါ်မှာသာ အခြေခံတွက်ချက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တိုင်းဒေသကြီး/ပြည်နယ် အကုန်လုံးနီးပါးမှာ ကျောင်းအပ်နှံသူအရေအတွက်က မနှစ်ကထက် မြင့်တက်လာနေပြီး ဧရာဝတီတိုင်းက ၉၁၇,၇၂၁ ဦးနဲ့ အများဆုံးဖြစ်ကာ ချင်းပြည်နယ်မှာတော့ ၂၀,၀၀၀ ကျော်နဲ့ အနည်းဆုံး ကျောင်းအပ်နှံထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ဆိုပါတယ်။
စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ဖို့ စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လည်း ရှိနေပြီး NUG အစိုးရ အစီအစဉ်နဲ့ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာလည်း တက်ရောက်တဲ့ ကျောင်းသူ ကျောင်းသားတွေ အများအပြားရှိနေပါတယ်။
ကျောင်းဖွင့်ချိန်မှာ စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပါဝင် ပြည်နယ်တချို့မှာ စာသင်ကျောင်းတွေအပါအဝင် လူနေအဆောက်အအုံတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီး တာတွေလည်း ရှိနေပါတယ်။