စစ်ကိုင်းတိုင်း၊ ကနီမြို့အထက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ကျောက်စိမ်းတွေ တင်ဆောင်ကာ စုန်ဆင်းလာတဲ့ စစ်ကောင်စီ စက်လှေအသေး ၅ စီးနဲ့ ဖလက်ယာဉ် ၇ စီးကို ဆရာစံ PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ ၇ ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆရာစံ PDFအဖွဲ့ တာဝန်ရှိသူက "သူတို့တွေက ကျောက်စိမ်းတွေကို ကုန်းကြောင်းအတိုင်းသယ်ရင် တိုက်ခိုက်ခံရမှာစိုးလို့ ရေကြောင်းကနေသယ်လာတာနေမယ်။ ကျနော်တို့က သေချာစောင့်ကြည့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူ့တို့ဘက်က ဖလက် တစ်စီး ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးမှုတော့ မသိလိုက်ရဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြစ်ကမ်းရိုးတစ်လျှောက်မှာရှိတဲ့ အထက်ကင်း၊ အောက်ကင်းနဲ့ ကဲဒေါင်း ကျေးရွာ ၃ ရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဆရာစံ-PDF ၊ MPDF(DEMO) ၊ GTF- EAGLE FREEDOM FIGHTER ၊ KPDF 2၊ DRPA ၊ မဟူရာကျားရိုင်း ၊ နယ်မြေခံပကဖစတဲ့ ပူးပေါင်းမဟာမိတ် ၇ ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ မဟာမိတ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။