Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံး ပစ်ခတ်နေ
DVB
·
May 30, 2022

စစ်ကိုင်းတိုင်း မြောင်၊ ကနီ၊ အရာတော်နဲ့ ကလေးမြို့နယ်တို့မှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စစ်ရေယာဉ်၊ စစ်ရဟတ်ယာဉ်တွေ အသုံးပြု ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ်အတွင်းက ကျေးရွာတွေပေါ်ကနေ မေ ၂၉ ရက်နေ့ညနေ ၅ နာရီ မိနစ် ၂၀ လောက်က စစ်ကောင်စီက ရဟတ်ယာဉ်သုံး ပစ်ခတ်တာခဲ့တယ်လို့‌ ဆိုပါတယ်။

“သူတို့မြေပြင်စစ်ကြောင်းက တမဆေးကန်ကျေးရွာ တပ်စွဲပြီး မီးရှို့နေတာတွေ လုပ်ဆောင်နေတဲ့ ကောင်တွေကို ကာကွယ်ဖို့ လေယာဉ်နဲ့ လာပစ်တာနဲ့တူပါတယ်။ အခြား ဘာအကြောင်းမှတော့ မရှိပါဘူး။ လေယာဉ်နဲ့ပစ်တဲ့ နေရာတွေက တမဆေးကန်ရွာ အနောက်ဘက်မှာ တကြိမ်၊ အဲရွာရဲ့တောင်ဘက်မှာ တကြိမ် စက်သေနတ်နဲ့ ပစ်ခတ်ပါတယ်။ ရွှေဘုံသာရွာအခြေကနေ နဘက်ရွာပေါ်ကို ဝဲတယ်။ အဲတာပြီး‌တော့ နဘက်ရွာကနေ သောင်ကြီးရွာကို ပျံသွားပြီး ရွာရဲ့ မြောက်ဘက်ကို တကြိမ် ပစ်ခတ်တယ်ဗျ” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အခုလိုပစ်ခတ်မှုကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်မှုရှိနိုင်ပြီး လက်ရှိအချိန်မှာ ပစ်ခတ်ပြီ ညအချိန်ရောက်ရှိသွားတာကြောင့် အထိခိုက်အကျဆုံးစာရင်းကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်ဘေးက လက်ပံစုကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ စစ်အာဏာရှင် တော်လှန်ရေးအင်အားစုတွေ မေ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ ချင်းတွင်းမြစ်အတွင်းမှာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ မော်တော်ယာဉ် ၁၁ စီးနဲ့ စုန်ဆင်းလာတာကို ဒေသခံ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေက မြစ်ကမ်းပေါ်ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

လက်ပံစုရွာ ဒေသခံတဦးက “အဓိကကတော့ ကျနော်တို့တတွေက သူတို့ရွာတွေကို မီးမရှို့ဘူးဆိုရင် ဘယ်သူမှ အခုလိုပစ်ကြမှာ မဟုတ်ဘူး။ သူတို့က ကျနော်တို့ ကနီမြို့နယ်ထဲ ဝင်လာတာနဲ့ ကျေးရွာတွေကို မီးရှို့တော့ အခုလို နှစ်ဘက် တင်းမာပြီး ပစ်ကြတာ။ ကျနော်တို့ ဒေသခံ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကတော့ ဘေးလွတ်ရာကို ပုန်းရှောင်နေကြရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲမှာ MPDF(DEMO)၊ IA၊ ဆရာစံတပ်ဖွဲ့၊ EAGLEတပ်ဖွဲ့၊ KPDF(2)၊မ ဟူရာကျားရိုင်း၊ DRPA နဲ့ ပုလဲ MRDA၊ နယ်မြေခံ ပကဖတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မေ ၂၈ ရက်‌ ညနေ ၅ ခွဲလောက်ကလည်း Zomi PDF၊ CSS၊ CNDF၊ PDF Kalay၊ GRF ပူးပေါင်းအဖွဲ့တွေက ကလေးမြို့တာဟန်းရပ်ကွက် နေကြာတိုက်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Zomi PDF က ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရရှိပြီး ည ၈ နာရီလောက်မှာ ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲကတော့ တော်တော်ပြင်းထန်ခဲ့တယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့လည်း ပစ်ကူတယ်၊ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှုတော့မရှိဘူး။ သူတို့ဘက်က ၂ ယောက်လောက် သေဆုံးနိုင်တယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တောင်ဖီလာတောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့်  တာဟန်းရပ်ကွက် ပြည်သူ ၃ ဦး လက်နက်ကြီး ကျည်ထိမှန်ကာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်ရတာဟာ စစ်ကောင်စီက ပြည်သူအပေါ် တရားမဝင် မီတာကြေး ကောက်ခံနေတာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မကြာခဏ သတိပေးခဲ့မယ့် မလိုက်နာတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် အရာတော်မြို့နယ်ကနေ ဒီပဲယင်းမြို့ကို စစ်ဘေး တိမ်းရှောင်ထွက်ပြေးလာတဲ့ ပြည်သူတွေအား ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၂၈ ရက်နေ့ နေ့လယ်မှာ လုံခြုံစိတ်ချရတဲ့ နေရာအထိ ကားတွေနဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေဟာ အရာတော်မြို့နယ် လယ်ကန်သင်းရိုး (တောကြား) ဖြတ်ကာ နာရီပေါင်းများစွာ ကွေ့ဝိုက်လမ်းလျှောက်ပြီး ဒီပဲယင်းမြို့ အရှေ့ဘက်ခြမ်းကို ပြေးလာကြရတာကြောင့် ခါးဝတ်ခါးစားကလွဲပြီး ဘာမှပါမလာကြဘူးလို့ ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်က တရွာပြီးတရွာ ပိုက်စိပ်တိုက်ကို မီးလိုက်ရှို့နေတာ။ ကျနော်တို့ ကူညီပေးတာ မနေ့က အများဆုံးပြေးရတာ။ ၇ ရွာလောက်ဆိုတော့ တအားကိုများနေပြီ။ နီးစပ်ရာ ရွာတွေက မျှထမ်းနေရတယ်။ ကလေးတွေလည်း ပါတော့ ကလေးတွေအတွက် မုန့်ကအစ လိုအပ်နေကြတယ်။ စားစရာ၊ ဝတ်စရာ၊ ဆေးဝါးအကူအညီပေါ့။ အဲဒါကြောင့် ကျနော်တို့အဖွဲ့ကလည်း တတ်နိုင်သလောက်လေး ကူညီပေးနေရတယ်။” 

စစ်ကောင်စီတပ်သားတွေဟာ အရာတော်မြို့နယ် နဲ့ ဒီပဲယင်းမြို့နယ်အစပ်က ကျေးရွာ ၇ ရွာကို မေ ၂၆ ရက်နေ့ကစပြီး မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ 

စစ်ကိုင်းတိုင်းဟာ လွတ်မြောက်နယ်မြေဖြစ်ဖို့ ကြိုးစားနေသလို စစ်ကောင်စီကလည်း PDF တွေကို မနိုင်ပါက ရွာမီးရှို့ ဆိုတဲ့မူကို ကျင့်သုံးပြီး ရွာစဉ်ပတ် မီးရှို့နေတကြောင့် ပြည်သူတွေ စစ်ဘေးရှောင်နေကြရပြီး ပြည်သူမှပြည်သူသို့ ဆိုတဲ့အတိုင်း တတ်နိုင်ဘက်က ကူညီ‌ပေးကြဖို့နဲ့  PDF တွေကို လက်နက် ပိုမိုတပ်ဆင်ပေးကြဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို  စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာ မရှိသေးဘဲ ဒေသခံ စစ်အာဏာရှင်တော်လှန်ရေး အင်အားစုတွေဘက်က အကျအဆုံးကိုတော့ DVB က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဆန့်ကျင်တွန်းလှန်နေကြသူတွေကို ပစ်ခတ် သတ်ဖြတ်နေတာတွေအပြင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတာတွေ ကျူးလွန်နေပြီး မြန်မာပြည်အနှံ့ နေရာပေါင်း ၂၉၆ နေရာက အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၁၉၆၃ လုံးနီးပါး မီးရှို့ဖျက်ဆီးခဲ့ကာ စစ်ကိုင်းတိုင်းက ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာလည်း ၉ သိန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024