Home
မြန်မာသတင်း
ရွာမီးရှို့ လူသတ်နေသည့် စစ်ကောင်စီတပ်ကို တရုတ်ကုမ္ပဏီများက အကူအညီပေးနေ
DVB
·
May 27, 2022

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ တရုတ်ကြေးနီစီမံကိန်း ကုမ္ပဏီတွေဖြစ်တဲ့ ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတို့က ရွာတွေမီးရှို့အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်တွေကို သွားလာရေး အကူအညီပေးတာ၊ ဒေသတွင်း သတင်းတွေပေးတာ၊ ရိက္ခာထောက်ပို့တာတွေ ပြုလုပ်ပေးနေတယ်လို့ ဆားလင်းကြီးဒေသခံတွေက ပြောပါတယ်။

မေ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ဆားလင်းကြီးမြို့နယ်၊ ရေကြည်ပင်၊ ထန်းတောကြီး၊ ပြေးသကျ၊ ဂုံတော၊ ဒုံးတော၊ ကံကုန်း၊ ဝရမ်းကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက် အကြမ်းဖက်နိုင်အောင် တရုတ်ကုမ္ပဏီတွေက အကူအညီတွေ ပေးနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးဒေသခံတဦးက “ကျနော့်ရွာ အနောက်ဘက်ဆို ယန်စီ၊ တောင်ဘက်ဆို ဝမ်ပေါင်။ အရေးနဲ့အကြောင်းဆို ကျနော်တို့မှာ ပြေးစရာနေရာမရှိဘူး။ အခုက ချောင်းရေက တက်နေပြီ။ သူတို့ပတ်ပတ်လည် အဝိုင်းခံရတဲ့ အနေအထားမျိုး ဖြစ်နေတာ။ ကုမ္ပဏီကိုတော့ ကျေနပ်တဲ့သူ မရှိဘူးဗျ။ ဘာလို့လဲဆိုတော့ ကုမ္ပဏီက ကုမ္ပဏီအလုပ် မလုပ်ဘူး။ စစ်ကောင်စီကကောင်တွေကို သယ်ပေးနေတာတွေ လုပ်နေတော့ ကုမ္ပဏီတော့ တော်တော်လေးမုန်းနေကြပြီ” လို့ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ စစ်အုပ်စုပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းပြီး  ကြေးနီစီမံကိန်းတွေ အကျိုးတူပူးပေါင်း လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ 

ဒီလုပ်ငန်းဟာ စစ်အာဏာရှင်စနစ်ရဲ့ ဘဏ္ဍာရေသောက်မြစ်ဖြစ်ပြီး အာဏာရှင်ထိပ်သီးတွေနဲ့ စစ်ခရိုနီတွေရဲ့ ခါးပိုက်ဆောင်စီမံကိန်းဖြစ်တာကြောင့် ကြေးနီစီမံကိန်းတွေ ပြန်စဖို့လုပ်တဲ့ ဘယ်လုပ်ရပ်၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို တိုက်ခိုက်ရှင်းလင်း ဖယ်ရှားပြီး ကြေးနီစီမံကိန်းကို တိုက်ဖျက်သွားမယ်လို့ ဆားလင်းကြီးနဲ့ ယင်းမာပင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြေညာထားပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဘက်ကတော့  ကြေးနီစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ယာယီရပ်ဆိုင်းထားပြီး ကုမ္ပဏီဝန်ထမ်းအားလုံးကို အခြေခံလုပ်ခပေးကာ ဝန်ထမ်းမိသားစုတွေကိုလည်း ထောက်ပံ့ကြေးတွေ ပေးနေတယ်လို့ ကုမ္ပဏီရဲ့ ဒုတိယ အထွေထွေမန်နေဂျာ Dong Shiyong က လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။

ဒီကာလမှာ ဝန်ထမ်းအများစုဟာ သူတို့အိမ်တွေမှာပဲ နေကြပြီး အရေးကြီးလုပ်ငန်းခွင်က ဝန်ထမ်းတဖွဲ့ကတော့ စေတနာနဲ့ မိုင်းလုပ်ငန်းခွင်မှာ အလုပ်လုပ်ခဲ့ပြီး ခုကာလအတွင်း အရေးကြီးလုပ်ငန်းခွင်မှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတဖွဲ့ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ခဲ့တာလို့လည်း ရှင်းပြထားပါတယ်။

စစ်ကောင်စီတပ်တွေကတော့ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက် မီးရှို့ ဖျက်ဆီးတာ ရွာသားတွေကို ရိုက်နှက်ဖမ်းဆီး စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဆားလင်းကြီးဒေသခံတဦးက “အရပ်သားပြည်သူအိမ်တွေ ရှို့တာပဲ။ သူတို့ အာရုံကျတာ လုပ်တာပဲ။ ဘယ်သူ့အိမ် ဘယ်ဝါ့အိမ် သူတို့လည်း သိတာမဟုတ်ဘူးရယ်။ သူတို့လာရင်ပြေး၊ ဟုတ်တာလုပ်လည်း မရင်ဆိုင်နဲ့၊ မဟုတ်တာလုပ်လည်း မရင်ဆိုင်နဲ့။ သူတို့ကို မတွေ့ရအောင် နေရတဲ့ အတိုင်းအတာအထိကို ဖြစ်နေတာ။ ဘောင်းဘီတိုဝတ်ဝတ် ဘောင်းဘီရှည်ဝတ်ဝတ် ရိုက်နှက်ပြီးတော့ စစ်ဆေးနေတာ။ ဒီဘက်က မြေပြန့်လွင်ပြင်ဆိုတော့ ပြေးလို့လွှားလို့က အဆင်မပြေဘူးလေ။ ပြေးဖို့ဧရိယာကနည်းတော့ ပြန်လုပ်ချင်တာတောင်မှ မလုပ်ရဲတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့ဗျာ”လို့ပြောပါတယ်။

အခုသီတင်းပတ်တွေအတွင်း မိုးဦးရာသီကာလ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတွေမှာ  စစ်ကောင်စီတပ်တွေရဲ့ ရွာလုံးကျွတ် မီးရှို့အကြမ်းဖက်မှုတွေကြောင့်  ဒေသခံပြည်သူတွေကတော့ မိုးရွာနေတဲ့ကြားထဲက ဘေးလွတ်ရာကို ပြေးနေရပြီး အားကိုးရာမဲ့နေကြပါတယ်။

မနေ့ကလည်း ခင်ဦးမြို့နယ်မှာ မိုးကတနေ့လုံး ရွာနေသလို စစ်ကောင်စီတပ်တွေကလည်း သံချပ်ကာ ၄ စီး ထွက်လာတယ်လို့ သတင်းရပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံရွာသားတွေ ထွက်ပြေးနေကြရပါတယ်။

ခင်ဦးဒေသခံတဦးက “သူတို့က လက်နက်ကြီးနဲ့ လှမ်းလှမ်းထုနေကြဆိုတော့ သူတို့ကားတွေ လာပြီဆိုရင် ကျမတို့ ပြေးရတယ်။ မိုးထဲလေထဲမှာ ပြေးရတဲ့အခါကြတော့ တကယ် သေချင်စိတ်ကို ပေါက်တယ်ဗျာ။ ဒုက္ခတွေ တအားရောက်တာ။ လဲတဲ့သူကလဲ ကွဲတဲ့သူကကွဲ။ အောက်က ဗွက်တွေနဲ့ အပေါ်က မိုးတွေရွာ။ ကင်းပုန်းတွေ ချထားပြီးတော့ ရွာတွေကို ဝင်မွှေတယ်။ ဂွေးကုန်းရွာမှာ ပြည်သူတွေကို သေနတ်တွေနဲ့ ရမ်းသန်းပစ်တယ်။ ပြည်သူတွေလည်း အကုန်ထွက်ပြေးနေရတယ်။ ကျမတို့ပြည်သူတွေက ဘယ်လိုနေလို့ ဘယ်လိုထိုင်ရမှန်းကို မသိတော့ဘူး။ ဒုက္ခတွေလည်း အရမ်းရောက်နေကြပြီ အခု။ စားဖို့ သောက်ဖို့မပြောနဲ့၊ နေဖို့ထိုင်ဖို့ မပြောနဲ့၊ ဘယ်လိုနေလို့ ဘယ်လိုသွားရမှန်းကို မသိတော့ဘူး။ ကျမတို့မှာ မိုးရွာပြီဆို ပြေးစရာလည်း မြေမရှိဘူး။ အဲဒီလိုဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းကို နယ်မြေထိန်းချုပ်ဖို့ စစ်ကောင်စီတပ်တွေက ရွာမီးရှို့၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ စစ်ကြောင်းထိုး၊ လေယာဉ်နဲ့ဗုံးကြဲ  နည်းလမ်းမျိုးစုံသုံးပြီး အကြမ်းဖက်တိုက်ခိုက်နေရာမှာ  ဒေသတွင်း PDF တွေက အချိန်တနှစ်ကျော် ကြာတဲ့အထိ  စစ်အာဏာရှင်ကို  လက်မခံဘဲ ခုခံစစ်ပွဲ ဆင်နွှဲနေကြတာပါ။

စစ်ကိုင်းတိုင်းထဲမှာ အိမ်ခြေ ၁၀၀၀၀ လောက်အထိ  မီးရှို့ဖျက်ဆီးခံထားရပြီး မီးဘေးသင့် ပြည်သူတွေကို ကူညီထောက်ပံ့မယ့် လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက ပိတ်ပင်တားဆီးနေပါတယ်။

စစ်ကိုင်းဒေသတွင်း တိုက်ပွဲတွေ၊ အရပ်သား ထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ပုံမှန်သတင်းထုတ်ပြန်လေ့မရှိဘဲ PDF တွေက အကြမ်းဖက်တာတွေ ပြုလုပ်နေတယ်ဆိုပြီး ပြန်လည်ပြောဆိုလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024