Home
မြန်မာသတင်း
ရေဦးနှင့် ခင်ဦးမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီက ပိတ်ဆို့ပြီး ရိက္ခာလမ်းကြောင်း ဖြတ်တောက်
DVB
·
May 25, 2022

စစ်ကိုင်းတိုင်းအတွင်း ရေဦးနဲ့ ခင်ဦးမြို့တွေနဲ့ ကျေးရွာတွေ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးပြီး ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ထားပါတယ်။

မဖြစ်မနေ မြို့ပေါ်တက်ပြီး ဈေးဝယ်သွားတဲ့ အမျိုးသမီးငယ်တွေကို စစ်သားတွေက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် ပြောဆိုတာတွရှိနေတယ်လို့ ဒေသခံအမျိုးသမီးတွေက ပြောပါတယ်။ 

မေလအတွင်း ခင်ဦးနဲ့ ရေဦးမြို့နယ်တွေမှာ  စစ်ကောင်စီတပ်တွေက ရွာစဉ်လှည့် မီးရှို့တာတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ နှစ်ကြိမ်တိုင် မီးရှို့ခံခဲ့ရတဲ့ ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၂၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ မီးဘေးသင့်ခဲ့ပါတယ်။

ခင်ဦးမြို့နယ်၊ အင်းပတ်ရွာသူတယောက်က “မိုးတောထဲမှာ အပင်ကြီးတွေအောက်မှာ ခွေနေရတာမျိုး။ တခြားတဲလေးတွေမှာ စုစပ်ပြီးနေရတာမျိုး။ အဘိုးကြီး အဘွားကြီးတွေရော တိရစ္ဆာန်တွေရော အကုန်လုံးအဆင်မပြေဖြစ်ရတယ်။ အချင်းချင်း မဖေးမနိုင်ဘူး။ အဝေးကနေ ဖေးမမလားဆိုတော့လည်း ခက်ခဲတယ် လမ်းခရီးက။ ဘာဖြစ်လို့လဲဆိုတော့ ရေဦး၊ ခင်ဦး သွားတဲ့လမ်းတွေအကုန်လုံးကလည်း စစ်ကောင်စီက ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် လောလောဆယ် ဒီနေရာလေးမှာ ပိတ်မိပြီးတော့ အခက်အခဲဖြစ်နေတာ။ ဆေးဝါး အဝတ်အစားကအစ မီးထဲပါသွားတယ်။ သူများက ထောက်ပံ့ချင်ရင်တောင်မှ ထောက်ပံ့ဖို့ အခက်အခဲဖြစ်နေတဲ့ အနေအထားဖြစ်နေတယ်။ အချင်းချင်းဖေးမဖို့လည်း ကျနော်တို့ ခြေတွေလည်း ယိုင်နေပါပြီ။ ဈေးသွားတာကလည်း အမျိုးသမီးတွေက မဖြစ်မနေသွားရတယ်။ အမျိုးသားတွေဆို သူတို့က ရန်မူမှာဖြစ်တဲ့အတွက် လောလောဆယ်အမျိုးသမီးတွေက စွန့်စားပြီး သွားနေရတယ်။ အဲ့ဒီအခါမှာ သူတို့ရှာဖွေတဲ့အခါ မထိတထိ ကိုင်တာမျိုး။ ပါးစပ်အရသာခံ ပြောတာမျိုးတွေလည်း ပြန်ကြားရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေအချင်းချင်း ပြန်ပြောတယ်ပေါ့နော်။ အရမ်းကို ခံပြင်းစရာ နာကြည်းစရာတွေပေါ့နော်။ မဖြစ်မနေ အနေအထားတွေမှာ ကျမတို့တွေ အရဲစွန့်ပြီး သွားနေရပါတယ်” လို့ပြောပါတယ်။

မေလအတွင်းမှာ စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်အတွင်းကျေးရွာ ၇ ရွာက အိမ်ခြေ ၅၀၀ လောက်ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ မီးဘေး၊ စစ်ဘေးသင့်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီက အထောက်အပံ့တချို့ကိုလက်ခံရရှိခဲ့ပေမယ့် ဒေသတွင်း စစ်ဘေးသင့်ပြည်သူအရေအတွက် တနေ့တခြားများလာတာကြောင့် လုံလောက်မှုမရှိသေးဘူးလို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့(KSO) "မေလအတွင်းမှာ ခင်ဦးမြို့နယ်က အိမ်ခြေ ၅၀၀ နီးပါးအထိ စစ်ကောင်စီက ထပ်ရှို့ထားတာပေါ့။ ရွာကတော့ ၇ ရွာတိတိကိုထပ်ရှို့ထားတာပေါ့။ အရင်ရှို့တာတွေနဲ့ဆိုရင် ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၃၅ ရွာရှိလာတယ်။ စစ်ရှောင်နဲ့ မီးဘေးသင့်ဦးရေက ထောင်ချီရှိလာတာပေါ့။ အရင်တုန်းကဆိုရင် ပြည်သူတွေရဲ့ထောက်ပံ့မှုတွေနဲ့ပဲ ကျနော်တို့ KSO အဖွဲ့က ရပ်တည်ခဲ့တာပေါ့။ ခုချိန်မှာတော့ ပြောင်းပြန်အနေအထားကို ရောက်ရှိသွားတာပေါ့။ ကျနော်တို့က အလှူငွေကောက်ခံပြီးတော့ ပြည်သူတွေကို တဖန်ပြန်ပြီး‌ထောက်ပံ့ပေးနေတာမျိုးတွေ ရှိလာတာပေါ့။ ကျနော်တို့က ပြည်သူလူထုကို ဒီထက်မက ကာကွယ်ပေးချင်ပေမယ့်လည်း လက်နက်မပြည့်စုံတဲ့အတွက် သူ့မကယ်နိုင် ကိုယ့်မကယ်နိုင် ဖြစ်နေကြတာပေါ့။ NUG ဆီက အထောက်အပံ့လည်း အရင်တစ်ပတ်က ကျနော်တို့ဆီ ရောက်တယ်။ ကျနော်တို့ဒေသခံအဖွဲ့တွေပူးပေါင်းပြီးတော့ မီးဘေးသင့်ပြည်သူတွေကို သွားရောက်ထောက်ပံ့ထားပါတယ်။

စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလကုန်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ စစ်ကိုင်းတိုင်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ပြောဆိုခဲ့ပြီး လက်တွေ့မြေပြင်မှာ အကြမ်းဖက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသက စစ်ရေးသတင်းတွေကို စစ်ကောင်စီက ပုံမှန်ထုတ်ပြန်လေ့မရှိဘဲ အကြမ်းဖက်မှုတွေနဲ့ မီးလောင်မှုတွေဟာ PDF တွေ ကျူးလွန်တာလို့ ပြန်လည်စွပ်စွဲလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024