Home
မြန်မာသတင်း
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သေဒဏ်ချမှတ်ခံရသူအရေအတွက် စိုးရိမ်ဖွယ်ရာ မြင့်တက်နေဟု AI ထုတ်ပြန်
DVB
·
May 25, 2022

တရုတ်နိုင်ငံက လျှို့ဝှက်ကွပ်မျက်မှုတွေ လုပ်ဆောင်နေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလည်း ဟစ်ဟော့ပ်အဆိုတော် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ ရာနဲ့ချီရှိနေပြီး ကမ္ဘာ့နိုင်ငံတွေမှာ သေဒဏ်ပေးခံရသူအရေအတွက် စိုးရိမ်ဖွယ်ရာ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံဟာ လူပေါင်း ထောင်နဲ့ချီ ကွပ်မျက်ခဲ့တယ်လို့ ယုံကြည်ထားပေမယ့် တရားဝင်အရေအတွက်အတိအကျကိုတော့  မသိရဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က မေလ ၂၄ ရက်က ကမ္ဘာတဝန်းနိုင်ငံတွေရဲ့ သေဒဏ်ပေးမှုအခြေအနေနဲ့ ပတ်သက်လို့ အစီအရင်ခံစာထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။

သေဒဏ်ချမှတ်မှု သိသိသာသာတိုးများလာတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပြီး  ၂၀၂၀ ပြည့်နှစ်ကနဲ့ နှိုင်းယှဉ်ရင်  သေဒဏ်ချမှတ်ခံထားရသူ ၁ ယောက်ပဲ ရှိခဲ့ရာက အခုဆိုရင် အနည်းဆုံး ၈၆ ယောက် အထိတိုးလာတယ်လို့ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးအောက်မှာ  စစ်တပ်က အရပ်ဘက်တရားစီရင် ရေးကနေ စစ်ခုံရုံးအဖြစ် ပြောင်းလဲခဲ့ပြီး ဆန္ဒပြသူတွေ။ သတင်းသမားတွေကို ပစ်မှတ်ထားကာ ယောက် ၉၀ လောက်ကို တရားဥပဒေနဲ့ မညီဘဲ တရားလက်လွတ် သေဒဏ်ချမှတ်ခဲ့သလို တရားစွဲခံရသူတွေဟာ အယူခံဝင်ခွင့်မရဘဲ အကျဉ်းချုံးနဲ့ အမိန့်ချမှတ်ခဲ့တာလို့လည်း AI အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။  

မြန်မာနိုင်ငံမှာတော့ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ်သေဒဏ်ချမှတ် ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ်ကျခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) စာရင်းအရ သိရပါတယ်။

အဲဒီထဲမှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်အမတ်လည်းဖြစ် ဟစ်ပ်ဟော့ပ်အဆိုတော်တယောက်လည်းဖြစ်တဲ့ ဖြိုးဇေယျာသော်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ နှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နဲ့ ၅၀(ည)တို့အရ သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

ကိုဂျင်မီကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးခဲ့ပြီး လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်ကတော့ နိုဝင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံက ကွပ်မျက်မှုပေါင်း ၅၇၉ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဲဒီအရင် ၂၀၂၀ ပြည့်နှစ်မှာတော့ ကွပ်မျက်မှုပေါင်း ၄၈၃ ခုသာ ရှိခဲ့တာ မို့ ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အထင်ရှားဆုံး ကွပ်မျက်မှုတွေထဲမှာတော့ တရုတ်၊ အီရန်၊ အီဂျစ်၊ ဆော်ဒီအာရေးဗျနဲ့ ဆီးရီးယားနိုင်ငံတွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့ထိပ်တန်း ကွပ်မျက်မှုအမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပေမဲ့ ကွပ်မျက်တဲ့အရေအတွက် ကိန်းဂဏန်းအချက်အလက်တွေကိုတော့ နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတာကြောင့် သေဒဏ်အသုံးပြုမှုအတိုင်းအတာအမှန်ကို မသိရကြောင်းလည်း AI အဖွဲ့က ဖော်ပြထားပါတယ်။

ဒါ့အပြင် ကွပ်မျက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုတော့ လျှို့ဝှက်မှုနဲ့ သီးခြားလွတ်လပ်တဲ့ သတင်းအချက်အလက်တွေ ရယူခွင့် မရှိတာကြောင့် လတ်တလော အကဲဖြတ်ဖို့အတွက် မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ကွပ်မျက်သတ်ဖြတ်ခံရသူ ၅၇၉ ယောက်ထဲမှာတော့ အမျိုးသမီး ၂၄ ယောက်နဲ့ ၄ ရာခိုင်နှုန်းပါဝင်နေတာဖြစ်ကာ အီဂျစ်နိုင်ငံမှာ ၈ ယောက်၊ အီရန်နိုင်ငံမှာ ၁၄ ယောက်၊ ဆော်ဒီအာရေးဗျနိုင်ငံမှာ ၁ ယောက်နဲ့ အမေရိကန်နိုင်ငံမှာ ၁ ယောက်စီ ပါဝင်နေတယ်လို့ ဆိုပါတယ်။

AI အဖွဲ့ဟာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ကွပ်မျက်သတ်ဖြတ်ခံရမှုတွေကို မှတ်တမ်းတင်ထားတာဖြစ်ပြီး မြန်မာအပါအဝင် အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ကင်မရွန်း၊ အီဂျစ်၊ အီရန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆိုမာလီယာ၊ စင်္ကာပူနဲ့ ယီမင်စတဲ့ နိုင်ငံတွေမှာ ကွပ်မျက်သတ်ဖြတ်မှုတွေဟာ နိုင်ငံတကာက တရားမျှတတဲ့ တရားစီရင်မှုစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ တရားစွဲမှုတွေအပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024