ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မြို့နယ်တခုဖြစ်တဲ့ တောင်ကြီးခရိုင်ရှိ ဆီဆိုင်မှာ စစ်ဘေးရှောင် ၁,၀၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
“စားနပ်ရိက္ခာကတော့ ဒီဘက် အုပ်စုသစ်မှာရောက်တဲ့ စစ်ရှောင် ၁,၀၀၀ ကျော်ကတော့ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်တယ်ဗျ။”
ပြီးခဲ့တဲ့ရက်က ဖယ်ခုံဘက်မှာ တိုက်ပွဲဖြစ်တဲ့အတွက် အဲဒီ အရှေ့ဘက်ခြမ်းက ကျေးရွာအုပ်စု ၂ ခု၊ ၃ ခု ဆီဆိုင်ဘက်ကို ပြန်ရှောင်လာတာလို့ ဆိုပါတယ်။
"ကမန်းကတန်း ထွက်ပြေးတိမ်းရှောင်လာရလို့ တချို့က ဘာမှ ပါမလာတဲ့ အခါကျတော့ စားနပ်ရိက္ခာ လိုအပ်တဲ့အပြင် အိပ်ယာ၊ ခြင်ထောင်၊ အိပ်ယာခင်းတွေ၊ စောင်တွေနဲ့ ဆေးဝါးတွေလည်း လိုအပ်တယ်။ လူဦးရေက မနေ့က ကျနော်တို့ကောက်တဲ့ စာရင်းအရ ၁,၁၇၄ ဦး ရှိတယ်။ ဒီနေ့လည်း ထပ်တိုးတယ်” လို့ သူက ပြောပါတယ်။
လုံခြုံရေးနဲ့ စားဝတ်နေရေးကိစ္စ အရမ်းများတဲ့အခါ မနိုင်မနင်းဖြစ်မှာလည်း စိတ်ပူကြတာကြောင့် ဆီဆိုင်မှာ စစ်ရှောင်တွေကို လက်မခံဘဲ တခြားမြို့နယ်မှာ ဖြန့်နေလိုက်ရင် စားဝတ်နေရေး ပိုအဆင်ပြေမယ်လို့ စဉ်းစားပြီး စကစနဲ့ အုပ်ချုပ်ရေးတွေက စာထုတ်လိုက်တာလို့ ကြားသိရကြောင်း ဆိုပါတယ်။
“အမှန်က ဒီလိုရှိတယ်။ ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင် အရမ်းများတယ်ပေါ့နော်။ များတဲ့အခါကျတော့ ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့၊ နောက်ပြီး လုံခြုံရေးအရလည်း စိုးရိမ်ရတဲ့ အတွက်ကြောင့် ဆီဆိုင်မြို့နယ်မှာ ဆက်ပြီး လက်မခံဖို့ပေါ့၊ အဲလိုတော့ ပြောတယ်။ ဒါပေမဲ့ တခြားမြို့နယ်တော့ ဖြန့်ပြီးနေပေါ့။ ဘာဖြစ်လဲဆိုတော့ စားဝတ်နေရေးလည်း စစ်ရှောင်တွေအတွက် ပိုပြီးတော့ သင့်လျော်တယ်ပေါ့။ စာထုတ်တာ ဒီလောက်ပဲ ရှိတာပေါ့။ ဒါပေမဲ့ တချို့ကတော့ လူမှုရေးအရ လက်ခံတာရှိတယ်” လို့ စစ်ရှောင်စခန်း တာဝန်ရှိသူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်တွေကို အဓိကကူညီနေတာ ဒေသခံတွေဖြစ်နေပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကိုပါ ကူညီပံ့ပိုးပေးဖို့ ဖိတ်ခေါ်လိုတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူက ထပ်ရှင်းပြပါတယ်။
“နိုင်ငံတကာက အလှူရှင်များသော်လည်းကောင်း၊ ပြည်တွင်း အလှူရှင်များသော်လည်းကောင်း ဝိုင်းပြီးတော့ ပူးပေါင်းကူညီ ဆောင်ရွက်မှသာလျှင် ဒီစစ်ဘေးရှောင်တွေရဲ့ စားဝတ်နေထိုင်ရေးကို ပိုပြီးတော့ အဆင်ပြေလိမ့်မယ်။ စစ်ဘေးရှောင်တွေရဲ့ လိုအပ်နေတဲ့ အကူအညီများကို ဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးဖို့လည်း ဖိတ်ခေါ်ပါတယ်ဗျ။ အဓိက လိုအပ်တာက စားနပ်ရိက္ခာတို့ စောင်တို့ တချို့က ဆေးဝါးဗျ။”
တချို့ကတော့ တိမ်းရှောင်လာတာ ၄ လ၊ ၅ လ ရှိပြီဖြစ်ပြီး တချို့က ၁၀ ရက်ဝန်းကျင် ကြာသူတွေလည်းရှိကာ ဒီကြားထဲမှာ ထပ်ရှောင်လာတာလည်း ရှိတယ်လို့ ဆိုပါတယ်။