ကချင်ပြည်နယ် မိုးကောင်းမြို့အနီးမှာ မေ ၂၁ ရက် မနက် အစောပိုင်းက အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၃ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ၁ နာရီကျော်က မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၆ မိုင်လောက် ကွာဝေးတဲ့ မြန်မာပြည်တွင်း မိုးကောင်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၉ မိုင်လောက်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
မေ ၁၉ ရက်ကလည်း မိုင်းရှူးမြို့အနီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားပါတယ်။
မေလ ၁၈ ရက်ကလည်း မိုင်းပြင်းမြို့နဲ့ ၂၆ မိုင်ခန့်အကွာမှာ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တစ်ခု၊ ကျိုင်းတုံမြို့ရဲ့ ၆၂ မိုင်ခန့်အကွာမှာ ပြင်းအား ၅ ဒသမ ၀ အဆင့်ရှိ မြေငလျင်တစ်ခုနဲ့ ကျိုင်းတုံမြိုရဲ့ ၅၆ မိုင်ခန့်အကွာမှာ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်သွားပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့အနားမှာလည်း မေလ ၁၈ ရက်က အင်အားရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အဆိုပါ မြေငလျင်တွေနဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးမှု အခြေအနေသတင်းတွေကတော့ မရ ရှိ ပါဘူး။