Home
မြန်မာသတင်း
ပေါင်းတည်တွင် ရဲတပ်ဖွဲ့ဖမ်းဆီးသွားစဉ် အမျိုးသား ၁ ဦး သေဆုံး
DVB
·
May 19, 2022

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အမျိုးသားတယောက်ကို ပေါင်းတည် မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတစီးနဲ့ လာခေါ်သွားပြီး ဒီနေ့ မေ ၁၉ ရက်မှာ မိသားစုကို အလောင်းခေါ်ပြပြီး ပြန်မပေးဘူးလို့ သူနဲ့နီးစပ်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

ဟင်္သာကန်ရွာသား ကိုဇော်မင်းထွန်းကို  ပေါင်းတည်မြို့ရှိသူ့ရဲ့ ဇနီးဖြစ်သူရဲ့ကွမ်းယာဆိုင်မှာ မေ ၁၈ ရက် နေ့လယ် ၁ နာရီလောက် ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“သူ့ဖုန်းကို စစ်စရာရှိလို့ဆိုပြီး လူကိုပါ ခေါ်သွားကြတာ၊ ညနေကျ ပြန်လာခေါ်ပါဆိုပြီးတော့လည်း ပြောသွားသေးတယ်။ နောက် သူ့ကို ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ချုပ်နှောင်ထားပါတယ်။ ညနေကျ သူ့မိသားစုက လိုက်သွားကြတော့လည်း အရာရှိတယောက်က စကားပြောဖို့ ရှိနေသေးလို့ ပြီးရင် ပြန်ပို့ပါမယ်ဆိုပြီး မိသားစုကို အတင်းပြန်ခိုင်းပါတယ်။ အခုမနက်ကျတော့ အလောင်းလာကြည့်ပါဆိုပြီး အကြောင်းကြားလို့ သွားကြည့်တော့မှ သေပြီဆိုတာကို သိတာ၊ အလောင်းတော့ ပြန်မပေးဘူး။ သူ့မိသားစုလည်း အလောင်းထားတဲ့ ပေါင်းတည်ဆေးရုံကနေ အခုထိ ပြန်မလာသေးဘူး။ ဘာဆက်လုပ်မလဲ မသိဘူး။" 

ကိုဇော်မင်းထွန်းကို စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးခံရတယ်၊ ဘာကြောင့် ရဲစခန်းမှာ သေဆုံးသွားတယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။ 

အသက်က ၃၀ အရွယ် ကိုဇော်မင်းထွန်းဟာ အရင်တုန်းက  အန်အယ်လ်ဒီ ပါတီဝင်ခဲ့ဖူးသူဖြစ်ပြီး    ၁၃ နှစ်အရွယ် သမီးလေးတယောက်၊ လသားအရွယ် သားလေးတယောက် ကျန်ခဲ့တယ်လို့ သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူက ဆေးသုတ်လုပ်ငန်း လုပ်တယ်၊ ဘုရားရောင်တော်ဖွင့်တွေလည်း လုပ်တယ်။ သူ့အမျိုးသမီးကတော့ ပေါင်းတည်မြို့ တာပွန်လမ်းထိပ် မိုးကောင်းဘုရားလေးနားမှာ ကွမ်းယာဆိုင်ဖွင့်ပြီး နေတော့ ဟင်္သာကန်ရွာလေးထဲမှာ နေကြပါတယ်။ သူက ဘာမှလည်း လုပ်တာမဟုတ်ဘူး။ အချက်အလက်ရှိ သံသယရှိရင် ထားပါကွာ၊ ခုဟာက ဘလိုင်းကြီး သူတို့ အုပ်ကြီးတွေ၊ ရဲတွေ၊ နယ်ထိန်းတွေနဲ့တောင် ပေါင်းသင်းနေလို့ ဒလန်လို့တောင် စွပ်စွဲခံနေရသေးတာ။ အခုက ဘယ်လို ဘာလို့ဆိုတာတောင် ပြောရခက်နေတာ။ ဘယ်သူမှ မလွတ်လပ်တော့ဘူး၊ အသက်ရှူမှားရင်တောင် အသတ်ခံရမယ့်ကိန်း ဆိုက်နေပြီ။" 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်း ရွှေတောင်မြို့မှာ အသက် ၄၇ နှစ်အရွယ် ကိုဇေယျာမင်းကို ဖမ်းခေါ်သွားပြီးနောက် ၃ ရက်အကြာ မိသားစုကို စစ်ကြောရေးမှာ အလောင်းလာကြည့်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။  ရွှေတောင်မြို့မှာတော့ အခုလိုဖြစ်စဉ်မျိုး ၃ ကြိမ်မြောက် ရှိပြီလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024