Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသ ပန်းညိုကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
May 18, 2022

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရေလယ်ကျွန်းဒေသ ပန်းညိုကျေးရွာကို ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ်ကို မေ ၇ ရက်နေ့က စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြောင်မြို့နယ် ပန်းညိုကျေးရွာကို ဒီနေ့မနက် ၉ နာရီကျော်လောက်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတာလို့ ပန်းညိုကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“ရေလယ်ကျွန်းတော့ ရေလယ်ကျွန်းဒေသပဲဗျ။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကို ပါတယ်။ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ်။ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတာ အိမ်ခြေဘယ်လောက် ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ အဝေးကနေပဲ မီးခိုးလုံးတွေ မီးတောက်တွေကို လှမ်းမြင်နေရတာ။”

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာကတည်းက ရွာလုံးကျွတ် အသက်လု ထွက်ပြေးလာကြရတာကြောင့် တောထဲတွေမှာ အမိုးအကာမရှိဘဲ ဖြစ်သလို နေထိုင်ကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း အလုံအလောက် ပါမလာကြဘဲ ရှိတာ ဝေငှစားသောက်နေကြရတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ မေ ၇ ရက်ကနေ ၁၇ ရက်အထိ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ပြည်သူတွေရဲ့ နေအိမ် ၁၅၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းဒေသကို မွှေနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက်ပိုင်းက အမည်မသိ အမျိုးသားတယောက်ကို ပစ်သတ်သွားတာကြောင့် ဆွေမျိုးသားချင်းတွေ လာရောက်သင်္ဂြိုဟ်ပေးနိုင်ဖို့ အသိပေးထားကာ ညနေ ၅ နာရီကျော်မှာ ကျောက်ဖူးရွာမှာ သင်္ဂြိုဟ်ပေးမယ်လို့ ရေလည်ကျွန်းဒေသက ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့ရဲ့လက်ချက် မဟုတ်ဘူးလို့ အမြဲတမ်း ငြင်းဆန်လေ့ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၇,၅၀၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024