စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူဒန်းခဲ့တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှု ၂ မှုထဲက CRT ၄/၂၀၂၂ အမှုကို မေလ ၁၇ ရက် ဒီနေ့ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလို ဦးရဲထက်ကိုအပြီးသတ်စစ်ဆေးခဲ့ပြီး မေလ ၂၄ ရက်နေ့ ရုံးချိန်းကြရင် ရှေ့နေအဖွဲ့နဲ့ အပြန်အလှန်စစ်မေးသွားဖို့ရှိနေပါတယ်။
စစ်ကောင်စီကတင်သွင်းထားတဲ့ တရားလိုပြသက်သေ ဦးမောင်ဝိတ်ကတော့ နောက်ရုံးချိန်းတွေမှာ ထွက်ဆိုရမှာဖြစ်ပြီး ဒီနေ့ရုံးချိန်းကို လာရောက်ခဲ့ခြင်းမရှိပါဘူး။
"အတိုင်ပင်ခံကျန်းမာရေးကောင်းပါတယ်။ တရားလိုထွက်ဆိုတဲ့အထဲမှာ ထူးခြားချက်မပါ ပါဘူး။ အရင်ကစွပ်စွဲထားတဲ့အတိုင်းပါပဲ" လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။
ဦးမောင်ဝိတ်ဆီက ဒေါ်လာတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အကြောင်းပြုပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီက အဂတိပုဒ်မ ၂ခုနဲ့ စွပ်စွဲထားတာပါ။
ဒီအမှုတွေအတွက် မေလ ၁၀ ရက်က ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးရဲထက်ကို အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှု ၂ မှုကို မေလ ၂ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ စတင်ကြားနာခဲ့တာပါ။
ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အဂတိအမှုတွေမှာလည်း စစ်ကောင်စီက တရားလိုပြသက်သေအဖြစ် တင်သွင်းတာကိုခံခဲ့ရပါတယ်။
ဦးမောင်ဝိတ်ကတော့ အန်ယ်လ်ဒီနဲ့ပတ်သက်တဲ့အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။