ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က အိမ်ခြေ ၁၀၀ ကျော်ရှိ ဆောင်နန်းခဲတရွာလုံးနီးပါးကို မေ ၁၆ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မိုးဗြဲမြို့နယ် ဆီမီးလော့ရွာအနီးမှာ မေ ၁၆ ရက်မနက်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညောင်ရွှေကနေ ဖယ်ခုံမြို့နယ်ဘက်ကို ညောင်ရွှေ- မိုးဗြဲလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ် ဆောင်နန်းခဲတရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။
“ထီရိစစ်ကောင်စီဂိတ်ကို ပီဒီအက်ဖ်တွေက ၀င်ရောက်သိမ်းပိုက်ပြီးနောက်ပိုင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်။”
စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားနေအိမ်တွေနဲ့ ကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် မီးရှို့ဖျက်ဆီးတာတွေ စဥ်ဆက်မပြတ်ကျူးလွန်နေတာလို့ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံတဦးက ပြောပါတယ်။
"စစ်တိုက်ရင် စစ်သားအချင်းချင်းတိုက်ကြပေါ့။ နိုင်ငံကိုကာကွယ်နေတဲ့ စစ်တပ်လို့လည်း ပြောသေးတယ်။ ဖွဲ့စည်းတာ တနှစ်ကျော်ပဲရှိသေးတဲ့ လူငယ်ပီဒီအက်ဖ်တပ်ကို လေယာဥ်၊ တင့်ကား၊ လက်နက်ကြီး အကုန်ထုတ်သုံးပြီး တိုက်နေရတယ်။ ပီဒီအက်ဖ်ကို တိုက်လို့မနိုင်ရင် တိုက်ပွဲနဲ့ဘာမှ မဆိုင်တဲ့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ဘာသိက္ခာ ဘာကျင့်၀တ်မှ မရှိတဲ့ အကြမ်းဖက်စစ်တပ်ပဲ။ ဒီလို လူမဆန်တဲ့သူတွေ အုပ်ချုပ်မှုအောက်မှာ ဘယ်လိုမှ ဆက်နေဖို့ မဖြစ်နိုင်တော့ဘူး။ တော်လှန်ရေးမှာ မပါဘဲနေကြတဲ့သူတွေ အခု အိမ်မီးရှို့ခံရတော့ တော်လှန်ရေးမှတပါး အခြားမရှိတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် မေ ၁၇ ရက်နေ့ မနက်အစောပိုင်းအချိန်ကတည်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်ပုန်းနေကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၀၀၈ က သတိပေးထားပါတယ်။
မေလ ၁၆ ရက်နေ့ ထိတွေ့ တိုက်ပွဲတွေအတွင်း ပြည်သူကာကွယ်ရေးတပ်တွေ ထိခိုက်မှုမရှိခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အတည်မပြုသေးဘူးလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းမှာရှိတဲ့ ထီရိစစ်ကောင်စီစစ်ဆေးရေးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေ ၁၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းကနေစတင်ပြီး လက်ရှိအချိန်ထိ ညောင်ရွှေ- ဖယ်ခုံနယ်စပ်နဲ့ ဖယ်ခုံမြို့နယ်အတွင်းက ဆီမီးလော့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
လက်ရှိ ညောင်ရွှေ- မိုးဗြဲလမ်းပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၁၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီအာဘော် မြန်မာအလင်းသတင်းစာမှာတော့ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲရွာကို PDF တွေက မီးရှို့ခဲ့တယ်ဆိုပြီး စွပ်စွဲရေးသားထားပါတယ်။