Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ ရွာမီးရှို့အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF တပ်များတိုက်ခိုက်
DVB
·
May 16, 2022

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေလ ၁၅ ရက် ညပိုင်းက စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ စီမံကိန်းရုံးနားကို မြိုင်PDF က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရသူရှိခဲ့တယ်လို့ မြိုင်PDF တပ်ဖွဲ့က ပြောပါတယ်။

မနေ့ ည ၇နာရီကျော်လောက်မှာ မြိုင်PDF ရဲ့ လက်ခွဲ  နံ့သာမြိုင်ပြောက်ကျားတပ်ဖွဲ့နဲ့ တမာမြေ ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းပြီး စီမံကိန်းရုံးနားက စစ်ကောင်စီတပ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်PDF တပ်ရင်း(၁)ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်ဘာဂျာက ပြောပါတယ်။

“အဲဒီနေရာက စီမံကိန်းရုံးဘေးနဲ့ မြိုင်ကနေ ပခုက္ကူအထွက် ပုသိမ်-မုံရွာ လမ်းဆုံမှာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ စစ်(...)တွေ အခိုင်အမာတပ်စွဲထားတဲ့ နေရာဗျ။ အဲဒီနေရာမှာ ပြည်သူလူထုကို မတရားဖမ်းဆီးတာတွေ၊ စျေးကားတွေလာရင် အောက်ဆင်းခိုင်းပြီး ပစ္စည်းတွေကို လုယူတာတွေပြုလုပ်ပြီး ပြည်သူကို ဒုက္ခပေးနေကြတာ။ အဲဒါကြောင့် နံ့သာမြိုင်အဖွဲ့နဲ့ တမာမြေအဖွဲ့က ရဲဘော်တွေက ည ၇နာရီ ၁၅ လောက်မှာ တာဝေးပစ်လက်နက်တွေဖြစ်တဲ့ ၆၀ မမ ၂လုံး ၊၁၂၀ မမ ၉ လုံးနဲ့ လှမ်းပစ်တာ သူတို့ဘက်က ၃ ယောက်လောက်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာ ရရှိခဲ့တယ်။”

အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမတွေ့ရသေးသလို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

မေ ၁၅ ရက် ညနေ ၄ နာရီလောက်ကလည်း မြိုင်မြို့နယ်ထဲက  လက်ယက်မစံပြကျေးရွာကို  မီးရှို့ဖျက်ဆီးပြီး ပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်​ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF မဟာမိတ်တပ် ၁၂ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ကောင်စီတပ်သား ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွာမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ကြည့်ကန်ကျေးရွာမြောက်ဘက် တောတိုက်အရောက်မှာ (မြိုင်)|နဂါးနီတပ်ဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Myaing Village Revolution Front (MVRF)၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF)၊ ကိုခိုင်လေးလက်နက်ကြီးတပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ PKU North PDF၊ YSO North PDF၊ YSO Southern PDF  နဲ့ Earthquake People's Defense Force မဟာမိတ်တပ်ပေါင်းစုတွေက လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် ကျည်ဆန်ထိမှန်ခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မြိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေလက်နက်​ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင်း ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်လောက်ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ  ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေ အကြမ်းဖက် မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၁၃၁ လုံးမီးလောင် ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က မေလ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024