စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စော်ဘွားရပ်ကွက် မြို့ရှောင်လမ်းရှိ အရက်ချက်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မေ ၁၄ ရက်မှာ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တမူး PDF ထံကသိရပါတယ်။
စစ်ကောင်စီတပ်စခန်းကို တမူး PDF တပ်ရင်း (၄) က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်စဉ် ၁ နာရီကျော် ကြာမြင့်ခဲ့ကာ စစ်ကောင်စီတပ်တွေ စစ်ကူရောက်လာတာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ တမူးPDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အတည်မပြုနိုင်ခဲ့ကြောင်းနဲ့ မိမိတို့တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ တမူး PDF က ဆိုပါတယ်။
လက်ရှိ တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တမူး PDF တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တမူးမြို့နယ်အတွင်း မိဘပြည်သူတွေ အနေနဲ့ မိမိတို့တပ်ဖွဲ့ဝင်တွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ကိုလည်း တမူး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။