စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအုပ်စု ဇီးဖြူကုန်းကျေးရွာမှာ အခြေစိုက်စခန်းချထားတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်နဲ့ ပျူအဖွဲ့တွေကို ဒီကနေ့ မနက် ၈ နာရီလောက် ဗိုလ်နဂါးဦးဆောင်တဲ့ MRDA နဲ့ ပုလဲ ပြည်သူ့အရေးတော်ပုံတပ်ဖွဲ့ APS-Pale တို့က ရှေ့ထွက်မိုင်း ငါးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ APS-Pale တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်းလည်း ဒဏ်ရာရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဇီးဖြူကုန်းကျေးရွာမှာ အခြေစိုက်ထားတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ် ပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်ဟာ မင်းတိုင်ပင်-ချောင်းဦး ကျေးရွာလမ်းအတိုင်း ချီတက်လာရာ၊ အိုင်းမကျေးရွာနဲ့ ရေထွက်ချောင်းကြားအရောက်မှာ ရှေ့ထွက်မိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့က ဇီးဖြူကုန်းရွာကနေ မင်းတိုင်းပင်-ချောင်းဦးဘက် ထွက်လာတာ၊ ကျနော်တို့က ကြိုသတင်းရလို့ စောင့်ပြီးတိုက်ခဲ့တာပါ။ လက်နက်ကတော့ မရလိုက်ပါဘူး။ ကျနော်တို့နှစ်ဖွဲ့လုံးက ရဲဘော်တွေကတော့ အကျအဆုံး မရှိသလို ထိခိုက်ဒဏ်ရာလည်း မရပါဘူး" လို့ APS-Pale အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး ပြန်လာကြတဲ့ မြန်မာ့တော်ဝင်နဂါးတပ်ဖွဲ့ MRD နဲ့ APS-Pale တပ်ဖွဲ့က ရဲဘော်တွေကို ပြည်သူတွေက သပြေခက်တွေ၊ ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဇီးဖြူကုန်းကျေးမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်အင်အား ၃၀ လောက် ပျူစောထီးအင်အား ၁၀၀ ကျော်လောက် ရှိနိုင်တယ်လို့ ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။
အဲဒီစစ် ကောင်စီတပ်နဲ့ ပျူတွေဟာ အနီးပတ်ဝန်ကျင်မှာရှိတဲ့ ကျေးရွာတွေကို မီးရှိုု့ဖျက်ဆီးနေပြီး မသင်္ကာသူ ကျေးရွာသူရွာသားတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။