စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နဲ့ ဝမ်းပြည့်ရွာကြားမှာ မေလ ၁၄ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
မန္တလေးဘက်ကနေ မြင်းမူဘက်ကို မောင်းလာတဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ ပေါင်မုန့် ကားအစီး ၂၀ နဲ့ Express ကား တစီးကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲ DK PDF(MMU) က ပဒေသာမိုင်းနဲ့ မိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ တာဝန်ရှိသူ တဦး က “ကားတစ်စီးက ပွင့်ကိုထွက်သွားတာ။ အသေအပျောက်နဲ့ ဒဏ်ရာရတာများတယ်လို့ နောက်ဆုံးသတင်းရတယ်။ အရပ်ကားတွေနဲ့ လာတယ်ဆိုတာ သတင်းအတိအကျရတာပါ။” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်အပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီး အထိအခိုက်မရှိဘူးလို့ သိရပါတယ်။