Home
မြန်မာသတင်း
ခင်ဦး၊ ကနီ၊ ယင်းမာပင်နှင့် ကလေးမြို့နယ်အတွင်း ကျေးရွာများကို စစ်တပ်က မီးရှို့၊ ရွာသား ထောင်ချီ ထွက်ပြေး
DVB
·
May 14, 2022

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ မြို့သစ်ရွာကို စစ်ကောင်စီတပ်က မေ ၁၄ ရက် ဒီညနေ ၄ နာရီလောက်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့ဘက်က စစ်ကြောင်းနဲ့ ခင်ဦးဘက်က စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းပြီး အခုလိုရွာကို မီးရှို့နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

မြို့သစ်ကျေးရွာ ဒေသခံ အမျိုးသမီး တဦးက “သူတို့က မနေ့ညနေ ၃ နာရီကျော်က ရွာဝင်လာတယ်။ ရွာသားတွေကတော့ အကုန်ထွက် ပြေးနေကြရတယ်။ အခုလည်းရွာကို မီးရှို့နေတယ်။ ရွာအရှေထိပ်ပိုင်းက အိမ်ကို လောလောဆယ် မီးရှို့နေတယ်။  ကျမတို့ရွာမှာ PDF ရှိမယ်ထင်ပြီး အခုလို မီးရှို့တာဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

မြို့သစ်ရွာကို မီးရှို့တဲ့စစ်ကောင်စီတပ်နှစ်တပ်ဟာ မြို့သစ်ရွာနဲ့ကပ်နေတဲ့  ကံကြီးကုန်းရွာကိုလည်း ဝင်ရောက်ရာဖွေ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ပိုင်း ချောင်းမရွာမှာလည်း မေလ ၁၄ ရက် မနက် ၁၁ နာရီလောက်က ယင်းမာပင်မြို့နယ် တရော်ကျင်းရွာကနေ  စစ်ကောင်စီတပ်တွေ  စစ်ကြောင်းကူး ဝင်ရောက်လာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရပါတယ်။

ချောင်းမဒေသခံရွာသားတစ်ဦးက “သူတို့က တရော်ကျင်းရွာကို မီးရှို့ခဲ့ပြီး အခု ချောင်းမ(အရှေ့)ရွာရဲ့အရှေ့တောင်ဘက်က လျှော်ဖြူ ခြံထဲရောက်နေပြီ။ အဲဒီခြံထဲမှာ စခန်းချနေတယ်‌။ ရွာသားတွေကတော့ အကုန်ကြိုတင်ပြီး ထွက်ပြေးနေကြတယ်။ ကျနော်တို့ကတော့ အရင်ကြိုတင်ရှောင်မှ အသက်ချမ်းသာရာ ရမှာလို့ ယုံကြည်လို့ အခုလိုရှောင်ရတာ”လို့ ပြောပါတယ်။

‌အခုလို စစ်ကောင်စီတပ်တွေ ချောင်းမကျေးရွာကို ဝင်ရောက်လာတာကြောင့်  ချောင်းမအရှေ့ရွာ ၊ချောင်မအနောက်ရွာ၊ သင့်ဝင်ရွာ၊ မင်းမရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်ရှားနေကြပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အခု ကနီမြို့နယ်အတွင်းဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မေ ၁၄ ရက် မနက်ခင်းပိုင်းက ယင်းမာပင်မြို့နယ်ထဲက တရော်ကျင်းရွာကနေအိမ် ၂၄ လုံးကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း မေ ၁၄ ရက်မနက် ၆ နာရီခန့်လောက်က စတင်ပြီး ပြည်သူတွေရဲ့နေအိမ်အဆောက်အအုံတွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရော်ကျင်းကျေးရွာက ပြည်သူတွေရဲ့ အိမ်ခြေ ၂၅ လုံး မီးလောင်ပြာကြသွားခဲ့သလို နေအိမ် ၅ လုံးကိုလည်း ရိုက်ချိုးဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတယောက်က  ပြောပါတယ်။

အခုလိုမီးရှို့ဖျက်ဆီးတာ မပြုလုပ်ခင် အရင်ရက်ပိုင်းက တရော်ကျင်းကျေးရွာအနီး မြစ်သောက်တောင်နားမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာရှိခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့တွေအထိနာသွားခဲ့ပါတယ်။

ဒါကြောင့် အခုလို အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တာဖြစ်နိုင်ကြောင်းနဲ့ စစ်သားမှန်ရင် စစ်တိုက်တဲ့အလုပ်ပဲလုပ်စေချင်ပြီး အခုလို အပြစ်မဲ့ပြည်သူတွေရဲ့ အိုးအိမ်အဆောက် အဦးတွေကို ဖျက်ဆီးမီးရှိုတာတွေလုပ်ဆောင်တာဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ဒေသခံရွာသား တဦးက ပြောပါတယ်။

တရော်ကျင်းကျေးရွာဟာ မုံရွာ-ယာကြီး ကလေးဝ လမ်းဘေးမှာတည်ရှိပြီး အိမ်ခြေ.၁၈၀ ရှိကာ တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်စားသောက်ကြတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က‌ ရေရှင်ကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ မေလဆန်းပိုင်းကစလို့ အင်းကျွန်းကျေးရွာဘက်ကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကလေး PDF တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု များပြားခဲ့ပေမဲ့ မေ ၁၀ ရက်စလို့ ရေရှင်ရွာကို ဝင်ရောက်နိုင်ခဲ့ပြီး မေ ၁၂ ရက်အထိ ရွာထဲက နေအိမ်တွေကို မီးရှို့ ဖျက်ဆီး‌ခဲ့ကြပါတယ်။

တိုက်ပွဲ‌တွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်မယ်ထင်တဲ့ တောတောင်တွေမှာ ထွက်ပြေးတိမ်ရှောင်နေရပြီး ခုဆို နေထိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

"ကျမတို့က ပြေးနေကြရတာ ကြာပြီ။ အင်းကျွန်းမှာ တပ်စွဲ ကတည်းကစ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်လို့ မနေရဲကြတာ ကြာပြီ။ အခုတော့ တရွာလုံး မီးထဲပါသွားတယ် "လို့ ရေရှင်ရွာက အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အိမ်ခြေ ၄၀၀ လောက်ရှိပြီး လူ ၁၀၀၀ကျော်နေတဲ့ရေရှင်ရွာမှာ ခုဆို ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းသာ ကျန်တော့တယ်လို့ ဆိုပါတယ်။

ရေရှင်ကျေးရွာကို စစ်ကောင်စီတပ်များက ပထမအကြိမ်မှာ အိမ်ခြေ ၂၀၊  ဒုတိယအကြိမ် ၁၀လုံး နဲ့တတိယအကြိမ် ၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

ရေရှင်ရွာစစ်ဘေးရှောင်တွေဟာ အရင်နှစ် ဒီဇင်ဘာကစလို့ ရှားတော့ရွာစစ်ရှောင်စခန်းမှာ နေထိုင်နေကြပြီး စားဝတ်နေရေး ခက်ခဲ့နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024