ချင်းတွင်းမြစ်အတွင်း မေ ၁၄ ရက်က စတင်ပြီး စက်လှေနဲ့ မော်တော်ရေယာဉ်တွေ မောင်းနှင် ဖြတ်သန်းသွားလာတာ မပြုဖို့ မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Mawlaik-PDF က အသိပေးကြေညာထားပါတယ်။
စစ်ကောင်စီတပ်က ချင်းတွင်းမြစ်အတွင်းကနေ လက်နက်ခဲယမ်း လူအင်အားနဲ့ ရိက္ခာတွေကို ပို့ဆောင့်ဖြည့်တင်းပေးတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စကလွဲပြီး ချင်းတွင်းမြစ်ကြောင်းကို အသုံးမပြုကြဖို့နဲ့ အခြေနေအရ သတင်းတွေကို ထုတ်ပြန်သွားမယ်လို့ လည်း မော်လိုက် PDF ကဆိုပါတယ်။
မော်လိုက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏ ထိတွေ့ တိုက်ခိုက်မှုတွေဖြစ်ပွားပြီး စကစလက်အောက်ခံ ရဲတပ်ဖွဲဝင် ဒုရဲအုပ်အပါအဝင် ၃ ယောက် ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က မော်လိုက် PDF အဖွဲ့ကတိုက်ခိုက်လို့ သေဆုံးခဲ့ပါတယ်။
ဖေါင်းပြင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဖေါင်းပြင် PDF တို့ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ မေလ ၈ ရက်က ယောင်းဟီးကျေးရွာက ဒေသခံရွာသား အယောက် ၄၀ ကို စကစနဲ့ ပျူစောထီးအဖွဲ့က ဖမ်းဆီးပြီး ယောင်းဟီးကျေးရွာရှိ အိမ်ခြေ ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။