မကွေးတိုင်း၊ ပေါက်မြို့နယ် မြေခြားရွာမှာ ဒီကနေ့ မေ ၁၃ ရက် နေ့လယ်ပိုင်းက နေအိမ်တလုံးနဲ့ ကြက်ခြံ ၃ ခြံကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မြေခြားကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ပေါက်မြို့နယ် မြေခြားကျေးရွာကို ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးသွားကြတာပါ။
ကြက်ခြံတခြံကို ၅ သိန်းကျပ်လောက် တန်ဖိုးရှိပြီး ကျပ် ၁၅ သိန်းလာက် ဆုံးရှုံးခဲ့ရသလို ၃ ပင်အိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
"စစ်(--) တွေနဲ့ ပျူ(--) တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတော့ အိမ်ခြေ ၁၀၀ ကျော်လောက်က ကျနော်တို့ရွာသားတွေ ဘေးလွတ်ရာ တောထဲတွေကို ထွက်ပြေးခဲ့ရတယ်ဗျ။ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာတာဆိုတော့ တောထဲမှာ ဘာမှစားစရာမရှိဘူး။ အမိုးအကာတွေလည်း မရှိဘူး။ သစ်ပင်တွေ ချုံပုတ်တွေနားမှာ ဖြစ်သလို နေနေကြရတာ။"
ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက တရွာဝင်တရွာထွက် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁,၁၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ အမြဲတမ်း ငြင်းဆန်လေ့ရှိသလို PDF တပ်ဖွဲ့တွေကသာ မီးရှို့ဖျက်ဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။
အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင် ပစ္စည်းတွေ အပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။