Home
မြန်မာသတင်း
ရှေ့တန်းပြန် PDF ရဲဘော်များကို ရေလယ်ကျွန်းဒေသခံထောင်ချီ အောင်သပြေပန်းဖြင့် ဂုဏ်ပြု
DVB
·
May 13, 2022

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ မေ ၁၂ ရက် ညနေပိုင်းက ရှေ့တန်းပြန် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တွေကို ရေလယ်ကျွန်းဒေသခံ ၆,၀၀၀ လောက်က အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

ရေစကြို PDF တပ်ရင်း ၂ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက “စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုကို အနိုင်ကျင့်၊ ဗိုလ်ကျ၊ ယုတ်မာတာတွေ များတော့ PDF ရဲဘော်တွေက သူတို့ကို ပြန်ပြီး ခုခံတိုက်ခိုက်ပေးနိုင်လို့ အားရဝမ်းသာနေကြတာပေါ့။ အဆုံးသတ်တိုက်ပွဲကြီး မပြီးခင် တိုက်ပွဲလေးတွေမှာတောင်မှ သူ့ဘက်က ၁ ယောက်ကျကျ ၂ ယောက်ကျကျ ပြန်ခုခံနိုင်တယ်၊ ပြန်တိုက်နိုင်တယ် အားရဝမ်းသာဖြစ်ပြီး ကြိုဆိုကြတာပါ။ ပြည်သူတွေပိုင်းက စစ်ရေးအတွေးခေါ် စစ်ရေးအအတွေ့အကြုံ သိပ်ပြီးမမြင့်မားတဲ့ အခါကျတော့ တိုက်ပွဲတပွဲပြီးလို့ ရွာကို ပြန်လာပြီဆိုတာနဲ့ ရွာတိုင်းနီးပါး ကြိုဆိုကြတာပါ” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ သူတို့ရဲ့ခံစားချက်တွေကို ချပြတဲ့ သဘောဖြစ်ကြောင်း၊ အဲဒီအတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ရှေ့ဆက်ကြိုးစားရဦးမယ်လို့ ပြောပါတယ်။

တိုက်ပွဲပြန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရွာတိုင်းနီးပါးက ကြိုဆိုကြတာကြောင့် ဂုဏ်ပြုကြိုဆိုသူ အရေအတွက် လေးငါးခြောက်ထောင်လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “စစ်ကောင်စီတပ်တွေဟာ ကျမတို့ ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးကြတယ်။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း သူတို့စိတ်ကြိုက် ယူသွားကြတယ်။ အိမ်မှာမွေးမြူထားတဲ့ တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်။ သူတို့စစ်ကြောင်းထိုးလာပြီဆိုတာနဲ့ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြရတာ။ ကျမတို့အနေနဲ့ သူတို့ကို မုန်းတီးနာကြည်းရုံတင်မကဘူး ရွံကိုရွံတာ။ ဒေသကာကွယ်ရေး PDF ရဲဘော်လေးတွေက ပြည်သူ့ရှေ့ကနေ အသက်ပေးပြီး သူတို့ရဲ့ရန်ကနေ ကာကွယ်ပေးလို့ အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုကြပြီး စားစရာ၊ အချိုရည်နဲ့ အအေးဘူးတွေ ဝေငှပေးခဲ့ကြတယ်” လို့ ပြောပါတယ်။

ရေလယ်ကျွန်းဒေသမှာ မေ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ရေစကြို PDF၊ KNT ပြောက်ကျားတပ် ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို မြင်းခြံ MG6 ပြောက်ကျားတပ်ဖွဲ့ရဲ့ စနိုက်ဘာလက်ချက်နဲ့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို မေ ၈ ရက်နေ့လောက်ကစလို့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံပြည်သူ ၃,၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင်ပစ္စည်းတွေ အပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024