ရှမ်းနဲ့ကရင်နီ(ကယား) ပြည်နယ်စပ်မှာ မေ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထီရိရွာတိုက်ပွဲမှာ စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ ဗိုလ်မှူးတယောက် အပါအဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူကာကွယ်ရေးတပ်၊တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။
ရှမ်း-ကယားနယ်စပ်၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာ စာသင်ကျောင်းအတွင်း အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၅၅ လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၈ နဲ့ တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နဲ့ PNO အဖွဲ့ကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂၊ KNDF BO-3 တပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အချိန် ၁ နာရီခွဲလောက် တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမှာတော့ ထီရိ စစ်ကောင်စီကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံးပြီး တပ်သား ၂ ယောက်နဲ့ PNO တပ်သား ၃ ယောက်တို့ကို အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ အလယ်ပိုင်းတိုင်း၊ ရှမ်း-ကယားစစ်ရေးကော်မရှင်ဆီ အပ်နှံခဲ့ပြီး ကောင်းမွန်စွာ ထားရှိကြောင်းနဲ့ တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ကာလ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် တိုင်းနဲ့ပြည်နယ်အနှံ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။