မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မေ ၉ ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ရဲ့ ရမ်းပစ်မှုကြောင့် ရပ်ကွက်အတွင်းက ပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်နေပြည်သူတဦးက “သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတာပဲ၊ ထိတဲ့သူ နှစ်ယောက်လုံးက အိမ်ထဲမှာပဲနေရင်း ထိသွားတာ၊ တယောက်က ပေါင်ထိတယ်၊ တယောက်က ခြေထောက်ထိတယ်၊ အခြေနေကတော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
မေ ၉ ရက် ညပိုင်းက စစ်ကောင်စီတပ်နဲ့ PLA တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် PLA တပ် ဆုတ်သွားချိန်မှာ စစ်ကောင်စီတပ်က ထပ်မံရမ်းပစ်ခဲ့တာဖြစ်တယ်လို့ PLA တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့ကို စစ်ကောင်စီက အရင်ပစ်တာ၊ ဗုံးတွေနဲ့ရော ပစ်တာ၊ ကျနော်တို့ ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပြီးတော့ တပ်ဆုတ်တဲ့အချိန် သူတို့က ရမ်းပြီး ဆက်တိုက်ပစ်နေခဲ့တာ၊ ကျနော်တို့ဘက်ကတော့ ရမ်းပစ်ခတ်ခဲ့တာမရှိဘူး၊ ပြည်သူတွေနေတဲ့ဘက်ကိုလည်း မပစ်ခဲ့ဘူး၊ ထိပ်တိုက်ပဲပစ်ခဲ့တာ။”
မေ ၉ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်နဲ့ PLA ကင်းပုန်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဘက် အထိအခိုက် အကျအဆုံး မရှိဘူးလို့လည်း သိရပါတယ်။