ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်မြို့မှာနေထိုင်တဲ့ ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေက အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြင်ခရိုင်မြို့မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တွေကို သီးသန့်ရွေးပြီး ဧည့်စာရင်းစစ်တာတွေ အိမ်ထောင်စာရင်း စစ်တာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
“တအိမ်တက်ဆင်းလိုက်စစ်တာ၊ ပြီးတော့ ဧည့်သည်တွေရောက်ရင် ဧည့်စာရင်းတိုင်ထားတာ ရှိလား စာရွက်စာတမ်းတွေ စစ်တယ်။ သူတို့ပြောတဲ့ပုံက ဧည့်သည်တွေ ဝင်လာတာကို လိုက်စစ်တဲ့ ပုံစံမျိုး စစ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့တပ်သားတွေ တအိမ်တက်ဆင်း လိုက်လံစစ်ဆေးချိန်မှာ အစ္စလာမ်ဘာသာဝင်တွေ ဖမ်းဆီးခံရတာမျိုး မရှိသေးသလို ဘာကြောင့်စစ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရပေမယ့် ရခိုင်ဘက်ကနေ စစ်ကောင်စီသတင်းပေးတွေကို ရှင်းလင်းဖို့ ဝင်လာတာတွေ ရှိနိုင်တယ်ဆိုပြီး လိုက်လံစစ်ဆေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ငပုတောမြို့နယ်ဟာ ရခိုင်ပြည်နယ်ကနေ ပင်လယ်ဘက်က လာလို့ရတာကြောင့် ရိုဟင်ဂျာတွေ ဝင်လာတဲ့ သတင်းမျိုးကြားလို့ လိုက်စစ်တာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။