Home
မြန်မာသတင်း
ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ချုံခိုတိုက်ခိုက်ခံရ
DVB
·
May 10, 2022

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ မေ ၈ ရက်မှာ စစ်ကောင်စီစစ်ကြောင်းကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ YDF-ထီးလင်း (ရွှေစွန်ညို) အဖွဲ့က မေ ၁၀ ရက် ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထီးလင်းမြို့နယ် ဇီးတောကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို မေ ၈ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ပဇင်းချောင်းကျေးရွာနာမှာ YDF-ထီးလင်း(SSN) ချောင်းမြောင်းပြီး ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ YDF-ထီးလင်း (ရွှေစွန်ညို) ရဲ့  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဆေးမင်းတောရဲစခန်းကနေ စခန်းစွန့်ခွာလာတဲ့ ရဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇီးတောကျေးရွာကနေ ထွက်လာကတည်းက ကျနော်တို့ဘက်က လမ်းတလျှောက် ကင်းပုန်းတွေချပြီး စောင့်ခဲ့တာဗျ။ ဒါပေမဲ့ အခွင့်မသာခဲ့ဘူး။ အဲဒီစစ်ကြောင်းဟာ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ပဇင်းချောင်းရွာကိုရောက်ခဲ့ကြတယ်။ စစ်ကောင်စီတပ်သားတွေ ညစာချက်ဖို့ ကြက်လိုက်နေတဲ့ အချိန် ညနေ ၆ နာရီခွဲလောက်မှာ ကျနော်တို့ဘက်က ချောင်းမြောင်းပစ်ခတ်ခဲ့တာ။ ၁၅ မိနစ်လောက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သူတို့ဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်။”

နှစ်ဘက်တိုက်ပွဲအတွင်းမှာ YDF-ထီးလင်း (SSN) ဘက်က ပြောက်ကျားနည်းဗျူဟာကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့က မေလ ၉ ရက်နေ့ နေ့လည်ပိုင်းမှာ ထီးလင်းမြို့ကို ရောက်ရှိသွားပြီလို့ စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

ထီလင်းမြို့နယ်ထဲမှာ ကျင်းနယ်မြေရဲစခန်းကို PDF တွေကတိုက်ခိုက်သိမ်းပိုက်ခံရပြီး ဆေးမင်းတောနယ်မြေရဲစခန်ကို စစ်ကောင်စီက ပြန်ရုပ်သိမ်းကာ အဲဒီရဲစခန်းရဲ့ လက်အောက်မှာရှိတဲ့ ရေမျက်နီရဲကင်းစခန်းကိုပါ ပြန်ရုပ်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024