ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား ၈ ဦးကို မေ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိဖမ်းဆီးခံထားရသူတွေထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး အပါအဝင် ကန်ထရိုက်တာတွေနဲ့ ဆိုင်သည် ၂ ဦး ပါဝင်တယ်လို့ ရွာသားတွေက ဆိုပါတယ်။
ဖမ်းဆီခံလိုက်တဲ့အထဲမှာ စစ်တွေမြို့နယ် ဘောဒူဖကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်ကို မေ ၄ ရက် ညနေပိုင်းက စစ်သား ၇ ယောက်လောက်က လက်နက်တွေနဲ့ လာပြီး ဖမ်းဆီးသွားတာလို့ မျက်မြင်ရွာသားတဦးက ပြောပါတယ်။
"ဦးရော်ဖီးလ်ကို မနေ့က ညနေ ၈ နာရီလောက်မှာ သူရဲ့အိမ်ကနေ စစ်သား ၇ ယောက်လောက်က လက်နက်တွေကိုင်ပြီး ကား ၂ စီးနဲ့ လာပြီးဖမ်းသွားတာ။ ဘယ်ကို ခေါ်သွားတယ် ဆိုတာတော့ မသိရသေးဘူး။"
ဖမ်းဆီးခံလိုက်ရတဲ့ ဘောဒူဖ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်မှာ ကန်ထရိုက်တာ တဦးဖြစ်ပြီး ULA ကို အခွန်ဆောင်တယ်ဆိုပြီး ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မေ ၃ ရက်မှာ ၅ ဦးနဲ့ မေ ၄ ရက် ညနေပိုင်းက ဦးရော်ဖီးလ် အပါအဝင် ၃ ဦး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေက မကျည်းမြိုင်အကွက် ၉ က ဦးနာဂူနှစ်၊ ဘောဖဒူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်နှစ်နဲ့ သူ့လက်ထောက်တဦး၊ ဘောဒူဖကျေးရွာက ဦးနုရ်ဟူဆောင်း၊ သက္ကေပြင်ကျေးရွာမှ ဦးအီစုဖ်၊ ဦးကျော်နုနဲ့ ဒါးပိုင်ကျေးရွာက ဦးဆော်လိမ်း၊ ကြက်ကိုင်တန်ကျေးရွာက ဦးထွန်းလှစိန်တို့ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း စစ်တွေမြို့နယ် အောင်တိုင်ကျေးရွာအုပ်စုက ရာအိမ်မှူး ၂ ဦးကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တပ်နဲ့ ရဲတွေက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။