ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာ ယူတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲတဲ့အမှုနဲ့ပတ်သက်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇ၀တ်ပြင်ဆင်မှုတက် ထားတာကို ဒီနေ့ မေ ၄ ရက်မှာ ပလပ်လိုက်တယ်လို့ တရားရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီအမှုဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှုတက်ထားတုန်းမှာပဲ နေပြည်တော်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၅ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချလိုက်တာ ဖြစ်ပါတယ်။
အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြင်ဆင်မှုကို ပယ်ချလိုက်တဲ့အတွက် ထောင်ဒဏ် ၅ နှစ်ချလိုက်တဲ့အပေါ် အယူခံဆက်တက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ဒဏ် ၅ နှစ်ချတာနဲ့ပတ်သက်လို့ အယူခံအဆင့်ဆင့်ဆက်တက်ဖို့ သူ့ရှေ့နေတွေကို ပြောဆိုထားတယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။