Home
ဆောင်းပါး
အာဏာရှင်ရိုးရာ မိစ္ဆာဓလေ့များနဲ့ နိုင်ငံရေး မျက်‌ခြည်မပြတ်စေဖို့
DVB
·
May 4, 2022

ပြည်သူလူထုကို ဒုက္ခအဖုံဖုံပေးလို့ တိုင်းပြည်ကို ဆင်းရဲတွင်းထဲ စုန်းစုန်းနစ်မြုပ်စေခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို အပြီးဖျက်သိမ်းပြီး အများပြည်သူ တည်ဆောက်ချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အသက်ဘဝတွေ ပေးဆပ်ရင်းနှီးလို့ ဝိုင်းဝန်းထူထောင်ကြရာမှာ ပါဝင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဦးညွှတ်အလေးပြုရင်း တော်လှန်ရေးခရီးကြမ်းထက်မှာ လိုက်ပါတဲ့ သမိုင်း‌ခေတ်ဝန်ထမ်းသူတိုင်း နိုင်ငံရေး မျက်‌ခြည်မပြတ်စေလိုတဲ့ စေတနာကို အရင်းခံလို့ ဒီဆောင်းပါးကို ရေးသားပါတယ်။

ဘာကြောင့် ဒီစကားဦးကို သန်းရသလဲဆိုတော့ နှစ်ပေါင်း ၇၀ ကျော် ကာလကြာညောင်းလို့ ရှုပ်ထွေးပွေလီလှတဲ့ မြန်မာ့သမိုင်းဖြစ်စဉ်တွေဟာ တရားဝင် သမိုင်းမှတ်တမ်း မတင်ရသေးတာက တကြောင်း၊ စစ်အာဏာရှင် အသိုက်အဝန်းဟာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှန်ကူကွက်တွေကို အမှောင်ချရုံသာမက ဖျောက်ဖျက်ပစ်ဖို့ မဟုတ်မမှန် ဂျင်းသတင်းတွေကို ပြည်သူလူထုကြား ထုတ်ပြန်နေကြတာကလည်း တကြောင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပြည်သူတရပ်လုံးအပေါ် ခေတ်အဆက်ဆက်မှာ စစ်ဖိနပ်နဲ့နင်းပြီး စစ်ကျွန်ပြုခဲ့ကြတဲ့ စစ်အာဏာရှင် အဆက်ဆက်ဟာ အောက်ပါမိစ္ဆာနည်းဗျူဟာနဲ့ ရိုးရာဓလေ့တွေကို အစဉ်အဆက် ကျင့်သုံးပါတယ်။

၁) ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်၊ အကြမ်းဖက် ဖမ်းဆီးနှိပ်စက်လို့ အကြောက်တရားကို ဖန်တီးပြီး ဖိနှိပ်အုပ်ချုပ်တဲ့ မိစ္ဆာဓလေ့၊

၂) တိုင်းရင်းသားလူမျိုးစုတွေကြား၊ ဘာသာပေါင်းစုံကြား၊ ပါတီအဖွဲ့အစည်းပေါင်းစုံကြား၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကြား၊ ပြည်သူလူထုကြား၊ သံဃာထုကြားမှာ သွေးခွဲဖို့ ငွေကြေး၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေ အသုံးချပြီး ညီညွတ်ရေး ပျက်ပြားအောင်လုပ်တဲ့ မိစ္ဆာဓလေ့၊

၃) ကောက်ကျစ်တဲ့ အကြံအစည်နဲ့ ပြည်သူလူထုကို သူတို့ မတည်နိုင်တဲ့ ကတိကဝတ် သစ္စာတွေကို အလွယ်တကူပေးပြီး လိမ်ညာလှည့်ဖြားတတ်တဲ့ မိစ္ဆာဓလေ့၊

၄) သူတို့ရဲ့ လုပ်ရပ်မှားတွေကို ဖုံးကွယ်ဖို့ သူတို့မှာ တကယ်မရှိတဲ့ တိုင်းချစ်ပြည်ချစ်စိတ်၊ သူတို့ တကယ်မယုံကြည်တဲ့ အမျိုးဘာသာ သာသနာ ရွှေပြားဖုံးပြီး မသိနားမလည်တဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လိမ်ညာ လမ်းမှားခေါ်တတ်တဲ့ မိစ္ဆာဓလေ့၊

၅) နိုင်ငံရေးအမြတ်ထုတ်ဖို့ စစ်အာဏာရှင် အသိုင်းအဝိုင်း အကျိုးစီးပွားကို ကာကွယ်ဖို့ ဘာသာရေးနဲ့ လူမျိုးရေးကို နိုင်ငံမှာ ခုတုံးလုပ် အသုံးချတတ်တဲ့ မိစ္ဆာဓလေ့၊

၆) သူတို့ကိုယ်တိုင်ကလည်း အကျင့်သီလ ယုတ်မာနိမ့်ကျတာမို့ အောက်တန်းစား နိုင်ငံရေးဗီလိန်တွေ စွမ်းအားရှင်၊ လက်ပတ်နီ၊ ပျူစောထီး စတဲ့ လူဆိုးလူမိုက် လူယုတ်မာတွေကို အရိုးအရင်းကျွေး မွေးမြူပြီး ပြည်သူလူထု အများစုကို ရန်ရှာဒုက္ခပေးတတ်တဲ့ မိစ္ဆာလေ့၊

၇) ပြည်တွင်းစစ်မီးလှုံ၊ စစ်နဲ့လုပ်စား၊ စစ်ပွဲတွေကို အကြောင်းပြုပြီး နိုင်ငံပိုင် ပြည်သူပိုင်ဘဏ္ဍာ မြေယာတွေ လုယက်ယူငင်ပြီး ချမ်းသာအောင်လုပ်တဲ့ မိစ္ဆာဓလေ့၊

၈) နိုင်ငံနဲ့ ပြည်သူအပေါ် စေတနာရှိသလို ဟန်ဆောင်ပြီး ငြိမ်းချမ်းရေးအတု ဖိတ်ခေါ်တာ၊ ဆွေးနွေးညှိနှိုင်းဖို့ ဟန်ပြခေါ်တတ်တဲ့ မိစ္ဆာဓလေ့၊

၁၉၆၂ ခုနှစ်မှာ လက်နက်အားကိုးနဲ့ ဒီမိုကရေစနစ်နဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်သူ့အစိုးရဆီကနေ အာဏာလုယူခဲ့တဲ့ စစ်အာဏာရှင် နေဝင်းဟာလည်း အထက်က မိစ္ဆာရိုးရာဓလေ့တွေ ကျင့်သုံးပြီး သူ့ရဲ့အာဏာ တည်မြဲအောင်လုပ်ခဲ့ပါတယ်။

ဘုရင်ရူး၊ အာဏာရူး ဗိုလ်နေဝင်းဟာ ဆိုရှယ်လစ်စနစ် တည်ဆောက်မယ်လို့ ပြည်သူနဲ့ ကမ္ဘာကို လိမ်ညာပြောဆိုပြီး စစ်အခွင့်ထူးခံ အင်ပါယာကို အခိုင်အမာ တည်ဆောက်လို့ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးတိုင်းပြည်ကို‌ ဆင်းရဲတွင်းထဲ တွန်းချခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ စစ်အာဏာသိမ်းပြီး နောက်ထပ်တက်လာတဲ့ စစ်အာဏာရှင်‌တွေ ပါးစပ်ကလည်း ပါတီစုံလုပ်ပေးမယ်လို့ မတည်နိုင်တဲ့ ကတိပေးတုန်းကလည်း နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကိစ္စသာ ကျန်တော့တယ် ပြောခဲ့ကြတယ်။ ဝန်ထမ်းတွေ နိုင်ငံရေးလုပ်စရာ မလိုဘူး၊ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ ဆိုခဲ့ကြတော့ ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းကြ၊ လူတိုင်း ကိုယ့်ကိစ္စကိုယ် ဆက်လုပ်ခဲ့ကြတယ်။

ကလိမ်ကကျစ် စစ်အာဏာရှင် စီမံတဲ့ ၁၉၉၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို အယောင်ပြ လုပ်ပေးခဲ့ပြီး တကယ်လည်း ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း အပြတ်အသတ် အနိုင်ရခဲ့တော့ စစ်အာဏာရှင်ဟာ သူတို့‌ပေးခဲ့တဲ့ကတိကို ဗြောင်ချိုးဖောက်ပြီး အာဏာလွှဲမပေးဘဲ ဖွဲစည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ်ဆိုပြီး တဖက်သတ် အနိုင်ကျင့်တဲ့ စည်းမျဉ်းဥပ‌ဒေတွေ ထုတ်ပြီး အနိုင်ရ NLD အမတ်တွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး ထောင်ချခဲ့ပြန်တယ်။

နောက်ထပ် ဘုရင်ရူး‌‌ စစ်အာဏာရှင် သန်း‌ရွှေ အစီအမံနဲ့ တိုင်းပြည်ကို တသက်တာ ကျွန်ပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ ၂၀၀၈ နာဂစ် စစ်အခြေခံဥပဒေကို မလှိမ့်တပတ်နဲ့ အတည်ပြုပြီး ၂၀၁၀ ခုနှစ် စစ်ဘောင်းဘီချွတ် သမ္မတသိန်းစိန် တက်လာတော့ လူတချို့က ပြောခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်ဆိုတာ မရှိတော့ဘူး၊ ဒီမိုကရေစီစနစ်ကို ရောက်နေပြီပေါ့။ အရပ်သား ဟန်ဆောင် စစ်ဗိုလ် သိန်းစိန် ကိုယ်တိုင်ကတောင် ၂၀၁၅ ခုနှစ် မဲဆွယ်ကာလ အောက်တိုဘာလ ၂၉ ရက်နေ့က ငပုတောမြို့၊ ဥသျှစ်ကွင်း ကျေးရွာကို ရောက်ခဲ့စဉ်မှာ အခုလို လိမ်ညာခဲ့ဖူးပါတယ်။

ဒီမိုကရေစီစနစ် အပြောင်းအလဲကို သူတို့ စစ်ဘောင်းဘီချွတ်အစိုးရက စတင်ခဲ့ပြီး နောက်ထပ် ဘာများ ပြောင်းလဲလိုသေးသနည်း၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ဆိုလိုသလဲဟု ဒေသခံများကို မေးခွန်းထုတ်ခဲ့သည်။

“တပ်မတော်အစိုးရ အုပ်ချုပ်တဲ့စနစ်ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ ခုနကလို အစိုးရစနစ်နဲ့ လွှတ်တော်တို့ အစိုးရတို့ စသည်အားဖြင့် ဒီစနစ်နဲ့အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို ကျနော်တို့ ပြောင်းပြီးပြီ၊ နောက်ထပ် ဘာလို့များ ပြောင်းချင်သေးလဲ၊ နောက်ထပ် ပြောင်းဖို့ကတော့ အခြားမရှိတော့ဘူး၊ ကွန်မြူနစ်ပဲ ရှိတော့တယ်။ ကွန်မြူနစ်တော့ ဘယ်သူမှ မပြောင်းချင်ဘူး၊ ဟုတ်တယ်မဟုတ်လား” လို့ ပြိုင်ဘက်ကို ကြိုးနဲ့တုပ်ပြီး သမ္မတရာထူးကို လိမ်ညာယူခဲ့တဲ့ စစ်သားလူထွက် သိန်းစိန်က ပြောခဲ့ဖူးပါတယ်။

အခုတခါ ၂၀၂၁ ခုနှစ်မှာ အာဏာထပ်ပြီးလုယူခဲ့တဲ့ သမ္မတရူး မင်းအောင်လှိုင်ကလည်း သူ့ရှေ့ကသွားတဲ့ ဘုရင်ရူး စစ်အာဏာရှင်တွေလိုပဲ အထက်ကဖော်ပြခဲ့တဲ့ ရိုးရာစစ်မိစ္ဆာဓလေ့ အားလုံးကို ကျင့်သုံးပြီး အမြင့်ဆုံး အရက်စက် အကြမ်းကြုတ်ဆုံး ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် တည်တံ့ဖို့ အာမခံချက်ပေးနိုင်မယ့် သူတို့အလိုကျ ရုပ်သေးအစိုးရ ပေါ်ထွန်းလာဖို့ အထွေထွေရွေးကောက်ပွဲအသစ် လုပ်ပေးပြီး အာဏာပြန်လွှဲပေးမလို၊ မပေးခင်က ပျက်နေတဲ့ ကတိတွေ ထပ်ပေးနေပြန်ပါတယ်။

တနှစ်ကျော်ကာလအတွင်း ပြည်သူ ၁,၈၀၀ ကျော်ကို သတ်ဖြတ်၊ သောင်းချီ ဖမ်းဆီး‌ ထောင်ချ ဘဝဖျက်ခဲ့ပြီး လူပေါင်း ၁ သန်းနီးပါးကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သူ စစ်ရာဇဝတ်ကောင် မအလက ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က  ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ဖိတ်ခေါ်တယ်ဆိုပြီး အာဏာရှင်ရိုးရာ စစ်မိစ္ဆာဓလေ့ကို ကျင့်သုံးလာပြန်ပါတယ်။

စစ်အခွင့်ထူးခံ အာဏာရှင်ပေးတဲ့ ဒုက္ခဆင်းရဲကို နှစ်ပေါင်း ၇၀ ကျော် ကိုယ်တွေ့ ခံစားလာရပေါင်းများလို့ လက်တွေ့ အသိရင့်ကျက်လာကြတဲ့ ပြည်သူလူထု အများစုကတော့ ရိုးရာစစ်မိစ္ဆာဓလေ့ရဲ့ အန္တရာယ်တွေကို ရင်နဲ့အမျှ ခံစားနားလည် သိရှိပြီးသားမို့ မယုံကြည်ကြတော့ပါဘူး။

ဖက်ဒရယ်နိုင်ငံသစ် တည်ဖို့ သမိုင်း‌ခေတ်ဝန်ထမ်းသူ မြန်မာပြည်သူတိုင်း ပန်းတိုင်ရောက်လုနီးမှာ ခလုတ်တိုက်မလဲစေဖို့ စစ်အာဏာရှင်တွေရဲ့ ရိုးရာနည်းဟောင်း မိစ္ဆာဓလေ့‌တွေကို သတိထား ရင်ဆိုင်ကြရင်း နိုင်ငံရေး မျက်‌ခြည်မပြတ်စေဘဲ ပြည်သူ့နွေဦးတော်လှန်ရေး အောင်သည်အထိ အတူတကွ လိုက်ပါနိုင်ကြပါစေကြောင်း ဆန္ဒမွန်ပြုလိုက်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024