စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်မှာ အမျိုးသမီး အပါအဝင် ရွာသား ၁၄ ယောက်ကို စစ်ကောင်စီတပ်က မေ ၂ ရက်က ရက်ရက်စက်စက် အကြမ်းဖက် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘုတလင်မြို့နယ်၊ အုပ်ဖိုကျေးရွာသား ၉ ယောက်ဟာ အုတ်ဖိုကျေးရွာနဲ့ အိုင်ရှည်ကျေးရွာ အကြားမှာရှိတဲ့ ယောဂီတောကျောင်းတကျောင်းမှာ စစ်ဘေးရှောင်နေစဉ် မေ ၂ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ကရောက်လာပြီး ရွာသားတွေကို ခြိမ်းခြောက်ကာ ပစ်သတ်ခဲ့တာလို့လည်း ဒေသခံတွေကပြောပါတယ်။
အုပ်ဖိုကျေးရွာ နေ ဒေသခံ တယောက်က “အုပ်ဖိုရွာက ဒေသခံ ၉ ယောက်ကို ဘုရားလေးကုန်းနားက တောရယောဂီကျောင်းထဲမှာ သတ်သွားတာ။ မနေ့က ရွာနဲ့ ၂ မိုင်အကွာမှာ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်တယ်။ ရွာသားတွေက စစ်တပ်လာမှာ ကြောက်လို့ ပုန်းရှောင်ရင်း အခုလို သတ်ခံရတာ။”လို့ပြောပါတယ်။
အဆိုပါ တောကျောင်းမှာ စစ်ရှောင် ပြည်သူ ၁၀၀ လောက်ခိုလှုံနေတာဖြစ်ပြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးမြို့မှ စစ်ကောင်တပ်စီတပ်သားတွေ ရောက်လာပြီး ဝင်ရောက်ရှာဖွေမွှေနှောက်ကာ စစ်ရှောင် ၉ ယောက်ရဲ့ ဦးခေါင်းကို သေနတ်နဲ့တေ့ပြီး ရက်ရက်စက်စက် ပစ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
အသတ်ခံရသူတွေထဲမှာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၂ ယောက်နဲ့ အမျိုးသမီးတယောက်လည်း ပါဝင်ပြီး အမျိုးသမီးတယောက်ကိုတော့ အသက် ၃ နှစ်အရွယ် သူ့သမီးရှေ့မှာတင် ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
သတ်ခံရသူတွေဟာ အသက် ၈၂ နှစ်ကနေ ၃၀ နှစ်အရွယ်တွေဖြစ်တဲ့ ဦးဘိုတင်၊ ဦးဖိုးစိတ်၊ ဦးခင်ဆောင်၊ ဦးစိုး၊ ဦးနီ၊ ဦးဗေဒါ၊ ဦးကျော်မျိုးထွန်း ၊ မမိုးမိုး၊ ဦးဝင်းမောင်တို့ဖြစ်ကြပါတယ်။
သေဆုံးသွားသူတွေကို မေ ၃ ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
အုပ်ဖိုရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ဘုတလင်မြို့ မြောက်ဘက် ၇ မိုင်အကွာမှာတည်ရှိပါတယ်။ အခုလို ဒေသခံတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာကြောင့် ကျန်နေတဲ့ဒေသခံတွေဟာ ရွာအတွင်း ပြန်မဝင်ရဲကြဘဲ ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။
အလားတူ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာမှာလည်း မေ ၂ ရက်ညပိုင်းက စစ်ကောင်စီတပ်က ရွာသား ၅ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ညောင်ပင်သာရွာသားတယောက်က ပြောပါတယ်။
“အသတ်ခံရတဲ့သူ လေးယောက်ကတော့ ရွာလမ်းမပေါ်ကနေ တွေ့ရတယ်။ နောက်တယောက်ကိုတော့ နေအိမ်ဝင်းထဲက တွေခဲ့ရတယ်။ သေဆုံးသူတွေအမည်ကိုတော့ ကျန်ခဲ့တဲ့ မိသားစုလုံခြုံရေးအရ မပြောချင်ဘူး။”
ညောင်ပင်သာရွာကို စစ်ကောင်စီတပ်တွေဟာ မေ ၂ ရက် မနက်ခင်းပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အတည်ပြု သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။