ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် အမှတ်-၁ ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မြန်မာဘက်ခြမ်းမှာ မေ ၃ ရက် မနက်ပိုင်းက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သန့်ရှင်းရေးတွေ ပြုလုပ်နေပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီ အမှတ်-၁ ချစ်ကြည်ရေးတံတားနဲ့ မဲဆိုင် တာချီလိတ်ဂိတ်တွေကို ကိုဗစ်ရောဂါအခြေအနေကြောင့် ၂ နှစ်ကြာ ပိတ်ထားရာက မေ ၅ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထိုင်းအာဏာပိုင်တွေက ပြင်ဆင်ခဲ့သလို မြန်မာဘက်ခြမ်းမှာ ဒီကနေ့ သန့်ရှင်းရေး ပြုလုပ်နေတာပါ။
တံတားပြန်ဖွင့်တဲ့အခါ ကိုဗစ်ရောဂါထိန်းချုပ်ကုသရေး စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံဘက် ၀င်ထွက်သွားလာ အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ NON CDM ဝန်ထမ်းတစ်ဦးက “ဒီရက်ပိုင်းမှာ ပြန်ဖွင့်ဖို့ နှစ်နိုင်ငံ ဆွေးနွေးထားတယ်။ ပြန်ဖွင့်ရင် ပုံမှန်လုပ်နေကျနဲ့တော့ တူမှာမဟုတ်ဘူး။ ကိုဗစ်စည်းကမ်းတွေ ရှိမယ်။ အဓိကကတော့ လုံခြုံရေးပိုင်းကို အထူးအလေးထား လုပ်ဆောင်ဖို့ရှိတယ်။ တံတား ဖြတ်သန်းသွားလာ အသုံးပြုမှုကိုတော့ ဖွင့်ပြီးမှ သိရမယ်”လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ အလုပ်သမားဌာနက စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မေ ၅ ရက်မှာ MOU မြန်မာရွှေ့ပြောင်းလုပ်သား ခေါ်ယူဖို့ ထုတ်ပြန်ထားပေမယ့် မြန်မာအာဏာပိုင်တွေဘက် တရား၀င်ညွှန်ကြားချက် မရှိသေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ထိုင်းနိုင်ငံက သူ့နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ် ၁၇ ကို မေလ ၁ ရက်နေ့ ပြန်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး မြန်မာနယ်စပ်ဂိတ်တွေကလွဲပြီး ကျန်တဲ့ ဂိတ်တွေကတော့ ပြန်လှယ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
မြဝတီ-မဲဆောက် မြန်မာ-ထိုင်း အမှတ်-၁ ချစ်ကြည်ရေးတံတားမှာ ဧပြီ ၂၃ ည ၁၀ နာရီခွဲလောက်က အင်အားပြင်း ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး တံတားလုံခြုံရေး ရဲ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို တံတားအဆောက်အဦနဲ့ အနီးအနားက ကားတွေ မီးလောင်ပျက်စီးပြီး နေအိမ်တွေပါ ထိမှန် ပျက်စီးခဲ့ပါတယ်။
မတ် ၂၇ ရက်က စတင်ပြီး ကော့ကရိတ်-မြဝတီ(အာရှ)လမ်းနဲ့ မြဝတီ-ဝေါလေ လမ်းပိုင်းတွေမှာသွားလာနေတဲ့ ခရီးသွားယာဉ်တွေ၊ ကုန်စည်ယာဉ်တွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေမပြုလုပ်ဖို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ က အသိပေးထုတ်ပြန်ထားပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာဟာ အာဏာရှင်ကို တိုက်ထုတ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိနဲ့သွားလာကြဖို့ ကေအန်ယူ လမ်းလုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားတာ၊ စစ်အာဏာသိမ်းမှုတွေနဲ့အတူ ပြည်တွင်းစစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံထုတ် ကုန်စည်တွေပြတ်တောက်ခဲ့ရသလို ပြည်တွင်းငွေဈေးကျဆင်းတာ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံဟာ မြဝတီကုန်သွယ်ရေးဇုန်ကနေ မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည်အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကို အဓိက တင်သွင်းပါတယ်။ မြန်မာနိုင်ငံကတော့ ထိုင်းနိုင်ငံကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။