ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မေ ၂ ရက် ညပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် အမိုးလန်ပျက်စီးဆုံးရှုံးသွားပါတယ်။
မိုးရွာပြီး ရုတ်တရက် လေပြင်းတိုက်ခတ်တာကြောင့် မအူပင်မြို့ပေါ်နဲ့ ကျေးရွာတချို့မှာ နေအိမ်တွေ အမိုးလန် ပျက်စီးပြီး သစ်တွေ လမ်းမပေါ် လဲကျခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“မိုးရွာတာလည်း များတယ်။ အဲဒီမှာ လေပြင်းပါ ထပ်တိုက်တော့ အခြေအနေ တော်တော်ဆိုးသွားတယ်။ အိမ်တွေ ပြိုတာ အမှတ် ၁ ရပ်ကွက်ဘက်မှာတင် အလုံး ၃၀ ကျော်တယ်။ တခြားနေရာတွေ မသိသေးဘူး။ သစ်ပင်လဲတာတွေလည်း ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မအူပင်မြို့ အမှတ် ၁ ရပ်ကွက်အပါအဝင် ကျေးရွာတချို့မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် အနည်းဆုံး ၄၀ ကျော် အမိုးလန်ပျက်စီးတာတွေရှိခဲ့သလို သစ်ပင်ကြီးတချို့ လမ်းမပေါ်ပိတာကြောင့် လမ်းပိတ်ဆို့တာတွေရှိလို့ ဒီမနက်ပိုင်းမှ လိုက်လံရှင်းလင်းရပါတယ်။
မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေအပြင် ကွမ်းခြံတချို့နဲ့ ငှက်ပျောခြံတချို့ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် လူနဲ့ တိရစ္ဆာန်ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။