မန္တလေးတိုင်း မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာ အနီး Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်း ကွန်ကရစ်လမ်းထိပ် မန္တလေး - မိုးကုတ်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ မေလ ၂ ရက် မနက် ၂ နာရီကျော်က ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ - မတ္တရာ) က ဝင်ရောက်စီးနင်း တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်သား အထိအခိုက် အကျအဆုံးများနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့နယ်မှာ နေထိုင်သူတဦးက “မနက်က အစောကြီးဖြစ်တာ။ အခုတော့ အဲ့ဒီစစ်ဆေးရေး ဂိတ်နားတဝိုက် ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ ရှုပ်နေတယ်” လို့ ဆိုပါတယ်။
နှစ်ဘက် ပစ်ခတ်မှုမှာ မိနစ် ၂၀ လောက်ကြာခဲ့ပြီး အထိအခိုက် အကျအဆုံး အခြေအနေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ - မတ္တရာ) နဲ့ စစ်ကောင်စီက ထုတ်ပြန်တာ မရှိသေးပါဘူး။