မြန်မာစစ်အုပ်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပင်မရင်းမြစ်ကြီးဖြစ်ပြီး နိုင်ငံခြားဝင်ငွေအများဆုံးရရှိတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့နိုင်ရေးအတွက် တောင်းဆိုတဲ့ Campaign မှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဖို့ Blood Money သွေးစွန်းငွေအဖွဲ့က တိုက်တွန်းထားပါတယ်။
ဒီလှုပ်ရှားမှုဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်၊ ရာဇဝတ်မှု၊ လေယာဉ်နဲ့ဗုံကြဲတိုက်ခိုက်မှု၊ မုဒိန်းမှု၊ ဓားစာခံဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှု၊ မီးရှို့သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်နိုင်ဖို့ စစ်အုပ်စုရဲ့ ငွေပင်ငွေရင်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်ရိုက်စာပို့ တောင်းဆိုတဲ့လှုပ်ရှားမှုဖြစ်ပါတယ်။
MOGE ရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံနိုင်ငံခြားဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကျော် အမြတ်အစွန်း ရရှိနေတာလို့ ဆိုပါတယ်။
အမေရိကန်အစိုးရက MOGE ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ရင် စစ်အုပ်စု လက်နက်ဝယ်ယူရေးနဲ့ လေကြောင်းတိုက်ဖို့ လောင်စာဝယ်ယူရေး ခက်ခဲပြီး ရပ်တန့်သွားမှာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလက်မှတ်ထိုးလှုပ်ရှားမှုကို Blood Money Facebook Page မှာ ဝင်ရောက်ကြည့်နိုင်ပြီး မေ ၂ ရက်ထိ နောက်ဆုံးထား ပါဝင်နိုင်တယ်လို့လည်း သိရပါတယ်။
မေ ၇ ရက်ကနေ ၁၃ ရက်အထိလည်း သွေးစွန်းငွေ ဖြတ်တောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။