Home
ဆောင်းပါး
စစ်အုပ်စု ငြိမ်းချမ်းရေးကမ်းလှမ်းချက် ကန့်လန်ကာနောက်ကွယ်
DVB
·
April 30, 2022

ငြိမ်းချမ်းရေးကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် ဘယ်လိုနားလည်ကြလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်မက်ဖြစ်ပွားမှု မရှိခြင်းလို့ဘဲ အများက နားလည် လက်ခံထားကြပါတယ်။ ပိုလေးနက်တယ်လို့ ယူဆပါတယ်။ ငြိမ်းချမ်းရေးဆိုတာ သာတူညီမျှမှု ပြည့်ဝမှု၊ ဆင်းရဲငတ်မွတ်မှု မရှိခြင်း၊ စိုးရိမ်ကြောင့်ကြမှု မရှိခြင်းစတဲ့ အကြောင်းအရာတွေ ဖြည့်စွက်မှ ပြည့်စုံမယ်ထင်တယ်။ စစ်အုပ်စုက ငြိမ်းချမ်းရေးစကားဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်ပဲ ဖြစ်ပါတယ်။ စစ်အုပ်စုက နောက်ဆုံးထွက်သက် ရောက်နေတာကိုတောင် အသက်ရှင်ခွင့် ရဖို့အတွက် ဝှက်ဖဲတချပ်အနေနဲ့ ထုတ်သုံးလာတာပဲ ဖြစ်ပါတယ်။ ရပ်တည်ချက်ခိုင်မာမှုနဲ့ပဲ ဒီအရွေ့ကို တောင့်ခံရမှာပဲ ဖြစ်ပါတယ်။ တောင်တန်း မြေပြန့်၊ လူမျိုးစုနဲ့ မြန်မာလူမျိုးများအကြား သွေးခွဲတဲ့ ဗျူဟာအဟောင်းတိုင်းပဲ ကျင့်သုံးလာတာ ဖြစ်ပါတယ်။

လူမျိုးပေါင်းစုံ လွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး အခြေခံစိတ်ဓာတ်နဲ့ပဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တချို့လူမျိုးစုတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အသုံးချပြီး မြန်မာလူမျိုးကြီးဝါဒ ရှင်သန်ဖို့ စစ်အုပ်စုက လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အလိမ်အညာ မုသားအောက်မှာ ယုံမှားပြီး လက်ခံခဲ့ရင် ရေတိုမှာ မိမိတို့ အမျိုးသားရေးအတွက် အခွင့်အလမ်းလို့ ယူဆနိုင်ပေမယ့် ရေရှည်မှာ စစ်အုပ်စုရဲ့ မြန်မာလူမျိုးကြီးဝါဒကပဲ ဝါးမြိုသွားမှာဖြစ်လို့ အမြော်အမြင်ရှိရှိ ရင်ဆိုင်ရမှာပါ။

စစ်အုပ်စုက ကျဆုံးနေပြီ ဆိုတာကို သမိုင်းလက်တွေ့က သက်သေပြပြီးနေပါပြီ။ အရှုံးသမားနဲ့ စေ့စပ်ရလာမယ့် ယာယီခေတ္တခဏ အသီးအပွင့်ကို လက်ခံမလား၊ ထာဝရ အောင်နိုင်သူဖြစ်တဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီး ကမ္ဘာတည်သရွေ့ ဗမာပြည်တည်သရွေ့ ရရှိလာမယ့် အောင်သီး အောင်ပွင့်တွေကို နောင်မျိုးဆက်တွေအတွက် အုတ်မြစ်ချပေးမလားဆိုတာ မိမိတို့ဆုံးဖြတ်ချက်၊ ကိုယ်ကျင့်သိက္ခာတရား၊ အသိပညာ ဉာဏ်ပညာအပေါ်မှာ မူတည်နေပါတယ်။ သမိုင်းမှာ နာမည်ကောင်းနဲ့ ကျန်ရစ်မလား၊ နာမည်ဆိုးနဲ့ ကျန်ရစ်မလားဆိုတာ မှတ်ကျောက်တင်ရမယ့် အချိန်အခါပါပဲ။

ပြည်သူလူထုရဲ့ တော်လှန်စစ် အောင်လံနီဟာ မိုးယံထက်မှာ အမြင့်ဆုံး လွှင့်ထူထားပြီး အောင်ပွဲဆီ ချီတက်နေတာ ဖြစ်ပါတယ်။ အနာဂတ်သစ်တွေ နိုင်ငံသစ်ထူထောင်ရေး တော်လှန်ရေးခရီးမှာ ပြတ်သားမှု၊ ရဲရင့်မှုနဲ့ စုပေါင်းခေါင်းဆောင်မှုက အရေးကြီးပါတယ်။ ပြည်နယ်လွတ်မြောက်ရေးအတွက်ပဲ တိုက်ပွဲဝင်တာ ထောက်ခံပေမဲ့ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး လက္ခဏာ မပါရင် ပြည့်စုံတဲ့ အောင်ပွဲရတဲ့ အခင်းအကျင်းကို ရရှိမှာ မဟုတ်ပါဘူး။ လူမျိုးပေါင်းစုံ ပြည်သူလူထု မလွတ်မြောက်ဘဲ လူမျိုးစုတခုချင်းစီ မလွတ်မြောက်နိုင်သလို တပြည်လုံးအရေး မဖြေရှင်းနိုင်ဘဲ ပြည်နယ်တွေအရေးလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူမျိုးပေါင်းစုံလက္ခဏာ ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။

တပြိုင်နက်တည်းမှာပဲ စစ်အာဏာရှင်စနစ် တိုက်ဖျက်တဲ့နေရာမှာ သတိထားရမယ့် အင်အားစု ရှိနေပါတယ်။ ဒါဟာ မိမိတို့နိုင်ငံတွေမှာသာမက ကမ္ဘာ့နိုင်ငံတွေမှာလည်း  ရှေးပရိစ္ဆေဒ အချိန်ကာလတည်းက ရှိနေခဲ့တဲ့ ကြားပွဲစား နိုင်ငံရေး အချောင်သမားတွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် လူတစုနဲ့ လုံးလုံးလျားလျား ပူးပေါင်းတာလည်းမဟုတ်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်နေတဲ့ ပြည်သူလူထု တရပ်လုံးနဲ့ ပူးပေါင်းတာလည်း  မဟုတ်ဘဲ ကြားနေ အချောင်သမား တတိယအင်အားစုပဲ ဖြစ်ပါတယ်။ ဒီ တတိယအင်အားစုက ရန်သူစစ်အုပ်စုထဲကိုလည်း ဝင်ထွက်သွားလာနိုင်သလို ရန်သူရဲ့ အသုံးချခံလူတစု ဖြစ်နိုင်သလို မိမိတို့ တော်လှန်ရေး အင်အားစုထဲလည်း ဝင်ထွက်သွားလာနိုင်တဲ့ အင်အားစုဖြစ်လို့ ခန့်မှန်းရခက်တဲ့၊ အန္တရာယ်ကြီးတဲ့ အင်အားစု ဖြစ်ပါတယ်။ ဒီတတိယအင်အားစုကို မိမိတို့ တော်လှန်ရေး အကျိုးစီးပွားအရ အတွေးအခေါ်အရရော လုပ်ဟန်အရပါ ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ရန်သူလူတန်းစားနဲ့ စေ့စပ်ရေးဟာ တော်လှန်ရေးအတွက် အန္တရာယ်ကြီးမားပြီး မမြင်ရတဲ့ အခြေအနေအောက်ကနေ မိမိတို့ တော်လှန်ရေးထဲကို စိမ့်ဝင်မလာအောင် ပုံသဏ္ဌာန်မျိုးစုံနဲ့ ပိတ်ပင်တားဆီးရမှာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကနေ ပြည်သူလူထုထံမှ အတင်းအဓမ္မ အာဏာရယူထားတာကြောင့် ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ ပြည်သူလူထုရဲ့ ဆန္ဒမဲ ထောက်ခံမှု ရရှိထားတဲ့ လွှတ်တော်အမတ်တွေ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ကျနော်တို့ရဲ့ တရားဝင် တော်လှန်ရေးအစိုးရပါ။ ဒါပေမဲ့ တော်လှန်ရေးအစိုးရ ပီပြင်ဖို့ လိုအပ်ပါတယ်။ အာဏာရခဲ့တဲ့ အချိန်ကာလကလို စဉ်းစားမှုတွေ လုပ်ဟန်တွေကို စွန့်လွှတ်ပြီး တော်လှန်ရေးဆန်တဲ့ စဉ်းစားမှုတွေ လုပ်ဟန်အဖြစ် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ၊ PDF တွေ၊ ပြောက်ကျားတပ်တွေ ပကတိအခြေအနေမှန်ကို နားလည်သိရှိအောင် ကြိုးစားရမှာဖြစ်တယ်။ အာဏာရအစိုးရလို အစီရင်ခံမှု သတင်းပို့မှုတွေက လွဲမှားချက် တိမ်းစောင်းချက် ရှိမရှိကို ပကတိမြေပြင်ကို အချိန်စက္ကန့်မလပ် လေ့လာနေရမှာ ဖြစ်ပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေ စစ်ဒေသတွေဆီကို အတတ်နိုင်ဆုံး ထောက်ပံ့ကူညီနိုင်ရန် ကြိုးစားသင့်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို ချိတ်ဆက်သည်ဖြစ်စေ မချိတ်ဆက်သည်ဖြစ်စေ စစ်အာဏာရှင် ဆန့်ကျင်နေတဲ့ အင်အားမှန်သမျှကို လိုက်လံချိတ်ဆက်ရမှာ တော်လှန်ရေးအစိုးရရဲ့ တာဝန်တရပ် ဖြစ်တယ်လို့ အပြုသဘောဆန်ဆန် မိမိတို့အစိုးရကို အကြံပြုလိုပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက ဆိုရှယ်မီဒီယာမှာ မဖော်ပြဘဲ သိုသိုသိပ်သိပ် လှုပ်ရှားနေတဲ့ EROs နဲ့ မြေအောက် ပြောက်ကျားတပ်တွေကိုလည်း လျစ်လျူမရှုဘဲ ချိတ်ဆက်နိုင်အောင်၊ နားလည်နိုင်အောင် ကြိုးစားသင့်ပါတယ်။

အနှစ်ချုပ်ပြောလိုတာက တပ်ပေါင်းစုကိစ္စပါ။ တပ်ပေါင်းစုကိစ္စရယ်လို့ ပြောရင် အများစု နားလည်နေတာက ပြည်ထောင်စုအဆင့် တနိုင်ငံလုံးအဆင့် တပ်ပေါင်းစုရယ်လို့ မြင်နေတဲ့ အမြင်တခုရယ်၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ဆိုပြီး မြင်နေကြမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထောက်ပြလိုတာက NUCC ဟာ အားလုံးကို လွှမ်းခြုံနိုင်တဲ့အဆင့် မရောက်သေးဘူး ဆိုတာပါ။ ဒါကလည်း သဘာဝကျပါတယ်။ လက်တွေ့ဘဝ ဖြတ်သန်းမှုကနေ ပိုမိုပီပြင်တဲ့ အတိုင်ပင်ခံကောင်စီ အဖြစ် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ အလုပ်ဖြစ်တဲ့ စုစည်းမှုတွေ စုဖွဲ့ဖို့ကို ဆွေးနွေးချင်တာ ဖြစ်ပါတယ်။

ဗမာပြည် လက်နက်ကိုင်တော်လှန်ရေး သမိုင်းမှာ နွေဦးတော်လှန်ရေးက ထူးခြားတဲ့ လက္ခဏာရပ်တွေ ရှိနေတာကို လက်ခံရမှာပါ။ အာဏာသိမ်းမှု ဖြစ်လာမှာကို ဘယ်နိုင်ငံရေးသမား ဘယ်နိုင်ငံရေး အင်အားစုကမှ ကြိုတင်ပြင်ဆင်ထားမှုမရှိဘူး ဆိုတာကိုလည်း လက်ခံရမှာပါ။ ပြည်သူလူထုရဲ့ ဦးဆောင်မှု ခေါင်းဆောင်မှုနောက်ကို ကျနော်တို့က အမီလိုက်နေရတာက အရှိတရားပဲ ဖြစ်ပါတယ်။ ဒေသဆိုင်ရာမှာ လက်နက်ကိုင် တော်လှန်ရေးတပ်တွေ အသီးသီးတည်ရှိနေပြီး ချိတ်ဆက်ဆောင်ရွက်မှု အားနည်းတာကြောင့် မထိခိုက်သင့်ဘဲ ထိခိုက်တာမျိုးတွေကို ရှောင်ရှားဖို့ ဒေသဆိုင်ရာ တပ်ပေါင်းစုတွေကို လက်တွေ့ကျကျ ဖွဲ့စည်းရမှာပါ။ 

ဒီနေရာမှာ လက်တွေ့ မြေပြင်က အဖွဲ့တွေက ဦးဆောင်ရမှာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ တပ်ပေါင်းစုတွေကနေ စုပေါင်းစုဖွဲ့မှု၊ စုပေါင်းခေါင်းဆောင်မှုကနေ ပြည်နယ်အဆင့်၊ တိုင်းအဆင့်ကနေ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအထိ တန်းတူရည်တူ ချိတ်ဆက်ပေါင်းစပ်နိုင်ရင် တော်လှန်ရေးအရွေ့က အရှိန်ဟုန်ဟုန်မြန်မြန်နဲ့ ရှေ့ကိုရောက်ရှိလာမှာ ဖြစ်ပါတယ်။လက်တွေ့ကျတဲ့ အင်အားစုဆောင်းမှု၊ စုပေါင်းခေါင်းဆောင်မှုကနေသာ စစ်အာဏာရှင်စနစ်ကို မုချအောင်ပွဲခံမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

အိုက်နီ(ဖြူး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024