Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ခေါင်းဆောင်က ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ထောင်ချခြင်းဖြစ်
DVB
·
April 28, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ထပ်ပြီး ချမှတ်လိုက်တာဟာ ဥပဒေရှုထောင့်အရ ညီညွတ်မျှတမှု မရှိသလို စစ်ခေါင်းဆောင်ရဲ့ ပုဂ္ဂိုလ်ရေး အာဃာတအရ လုပ်ဆောင်တာလို့ မြင်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာ လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ ဧပြီ ၂၇ ရက်က ထောင်ဒဏ် ၅ နှစ် ထပ်ချခံရတာ ဖြစ်ပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်လိုက်ပေမဲ့ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာတွေ ဘယ်မှာလဲ ဆိုတာကိုတော့ စစ်ကောင်စီဘက်က သက်သေ ဘာတခုမှ ပြသနိုင်တာ မရှိသလို လာဘ်ပေးခဲ့တယ်ဆိုတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလည်း အရေးယူတာ မရှိပါဘူး။

ဒီဖြစ်စဉ်ကို လေ့လာကြည့်မယ်ဆိုရင် အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ထောင်ဒဏ်တွေ ချနေတာ မြင်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ သူနဲ့ မကျေလည်တာတွေ ရှိခဲ့ဖူးတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို နိုင်ငံရေးကနေ အပြီးသတ်ပစ်ဖို့နဲ့ တပ်တွင်းမှာ သူ့ရဲလုပ်နိုင်စွမ်းနဲ့ ဩဇာကြီးမားကြောင်း ပြသချင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒေါက်တာလှကျော်ဇောက "မနေ့က ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲလည်း ကြည့်လိုက်ရတယ်။ နည်းနည်း သွေးရူးသွေးတန်း ဖြစ်နေတယ်ထင်တယ်။ ဘယ်သူမှလည်း မင်းအောင်လှိုင်ကို ပြန်မပြောရဲဘူးထင်တယ်။ ပြဿနာတွေကို။ သူတို့စဉ်းစားပုံ စဉ်းစားနည်းတွေ တော်တော့်ကို လွဲချော်နေတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမှုနဲ့ပတ်သက်ပြီး တကမ္ဘာလုံးကလည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ ပြည်သူတွေကလည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ သို့သော်လည်း သူက သူ့တပ်ကိုပြောဖို့နဲ့ တူပါတယ်။ ဒီလို လာဘ်စားတယ်ဆိုတာ ပြဖို့နဲ့ တူပါတယ်။ နောက်တခု သူ့ရည်ရွယ်ချက်က ဦးဖြိုးမင်းသိန်းကို နိုင်ငံရေးက အပြီးသတ်ပစ်လိုက်ချင်တာ။ သူတို့က အဲ့လိုလုပ်တတ်တယ်ဗျ။ ကိုနေဝင်းကစလို့။ ပုဂ္ဂိုလ်ရေးအာဃာတ သိပ်ကြီးတာ။ နိုင်ငံရေးကနေ ဦးဖြိုးမင်းသိန်းကို တခါတည်း သတ်ပစ်လိုက်ချင်တာ ဖြစ်လိမ့်မယ်။ တရားစီရင်ရေးကတော့ ဘာမှပြောစရာ သိပ်မရှိပါဘူး။ လူတိုင်း ကြားနေ မြင်နေတာပဲဟာ။ တိုင်းပြည်ကတော့ တကယ့် Fail State ဖြစ်တော့မယ်။ သူတို့ အဲ့လိုလုပ်လေ ပြည်သူလူထုက ပိုမိုပြတ်သားလေ ဖြစ်မှာပါ။ သူတို့ကလည်း လူထုကို လုံးဝဂရုမစိုက်တော့ဘူး။ သူတို့စစ်တပ်အတွက်ပဲ ဂရုစိုက်တယ်နဲ့ တူပါတယ်" လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အဂတိအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဥပဒေရှုထောင့်အရ ကြည့်မယ်ဆိုရင် ညီညွတ်မျှတမှု လုံးဝမရှိဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေးကို စစ်တပ်က ချုပ်ကိုင်ထားပြီး တရားသူကြီးတွေဟာ သူတို့ခိုင်းသမျှလုပ်ရတဲ့ အမိန့်နာခံတတ်သော ဝန်ထမ်းအဆင့်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

တရားရုံး လုပ်ထုံးလုပ်နည်းတွေအရ အဂတိအမှုတွေကို စီရင်မယ်ဆိုရင် သက်သေခံ ပစ္စည်းတွေကို တရားရုံးဆီ တင်သွင်းရမှာဖြစ်ပေမဲ့ ဒီအမှုမှာ ဒါမျိုး စီစဉ်ဆောင်ရွက်ခဲ့တာ မတွေ့ရဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

တရားလိုနဲ့ လိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးတို့နှစ်ယောက်ပဲ တရားရုံးမှာ ထွက်ဆိုခဲ့ပြီး အဲ့ဒီသက်သေတွေဟာ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ ဖြစ်တဲ့အတွက် လွတ်လပ်တဲ့ သက်သေတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဲ့ဒီလို လွတ်လပ်တဲ့သက်သေ မဟုတ်သူတွေကို အဂတိအမှုတွေမှာ တရားလိုအဖြစ် တင်သွင်းတာကို တရားရုံးက ပယ်ချရမှာဖြစ်ပြီး ဆက်လက်စစ်ဆေးတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ ဥပဒေကျွမ်းကျင်သူတယောက်က သုံးသပ်ပါတယ်။

ဝါရင့် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က "မြန်မာပြည်က တရားစီရင်ရေးကတော့ လုံးဝပျက်သွားတဲ့ အနေအထားပဲ။ စစ်တပ်က လုံးဝ အပေါ်စီးယူထားပြီးတော့ သူတို့ခိုင်းတာကို လုပ်ရတာပဲ။ နိုင်ငံရေးအမှုတွေ၊ လူတန်းစားခွဲခြားတဲ့ အမှုတွေ၊ ပိုက်ဆံရှိတာ မရှိတာ ခွဲခြားတဲ့အမှုတွေ အဲ့ဒါတွေမှာ စစ်တပ်အလိုကျပဲ လုပ်ပေးရတယ်။ တရားရုံးကို အားကိုးရမယ့် ပြည်သူတွေက တရားရုံးကို အားကိုးလို့ မရတော့တာ ဝမ်းနည်းစရာပဲ။ ဒေါ်အောင်ဆန်းစုကြည် အမှုမှာလည်း ဒီအတိုင်းပဲ။ တရားသူကြီးက ဦးမြင့်စန်းပါ၊ သဘောကောင်းပါတယ်။ သူတို့က အမိန့်ကိုနာခံတဲ့ ဝန်ထမ်းပဲ။ အကျိုးအကြောင်း ဆင်ခြင်ပြီး ချမှတ်တဲ့ တရားသူကြီးမျိုး မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကျိုးကြောင်းဆင်ခြင်ပြီး အမိန့်ချတဲ့ တရားသူကြီးမျိုး လုပ်ခွင့်မပေးဘူး။ ရှိခွင့်လည်းမပေးဘူး။ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ ပိုရုပ်ပျက်တာကတော့ အဂတိလိုက်စားတယ်ဆိုရင် သက်သေခံပစ္စည်း တင်ရတယ်။ အဲ့ဒါ မတင်ပြနိုင်ဘူး။ နောက်တခါ သက်သေကလည်း ဦးဖြိုးမင်းသိန်းတို့ လင်မယားပဲ ထွက်တယ်။ သူတို့လင်မယားကိုလည်း စစ်တပ်က ဖမ်းထားတာ။ အချုပ်ထဲကနေ လာထွက်ရတာ။ အခုထိလည်း အချုပ်ထဲမှာ။ လွတ်လပ်တဲ့သက်သေတွေ မဟုတ်ဘူးလေ။ အဲ့ဒီတော့ တရားဥပဒေရှုထောင့်ကဆိုရင် စွဲချက်တောင် မတင်ရဘူး။ လွှတ်ပစ်ရမှာ။ အဲ့ဒီအမှုကို အပြီးသတ်အထိ ဆက်စစ်ပြီးတော့ ပြစ်ဒဏ်ချတယ်ဆိုတာ ဗိုလ်မင်းအောင်လှိုင်က လက်စားချေတာ။ ငါ့ကို သမ္မတမပေးချင်ဦးလေ။ တွေ့ပြီမှတ်လား။ ငါ့အကြောင်းကို သိပြီမှတ်လား၊ အဲ့လိုကြုံးဝါးတဲ့သဘောပါပဲ" လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မဟုတ်တမ်းတရားတွေလို့ တရားရုံးမှာ ငြင်းဆိုထားဖူးပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှု‌ပေါင်း ၁၈ မှုထဲကနေ ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရပြီး ဖြစ်တဲ့အတွက် အခုအဂတိအမှု ထောင်ဒဏ် ၅ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အဂတိမှုနဲ့ ထောင်ဒဏ်ချမှတ်တာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု နောက်တခု ထပ်လုပ်တာ ဖြစ်တယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024