Home
မြန်မာသတင်း
ထီးလင်းမြို့နယ်၌ စစ်တပ်က သံဃာအပါအဝင် ပြည်သူ ၂၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီး၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်
DVB
·
April 27, 2022

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အကြည်ဝါးဘင်းကျေးရွာတိုက်ပွဲအတွင်း ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ပြန်မပေးပါက ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ သံဃာတွေ အပါအဝင် အပြစ်မဲ့ ရွာသား ၂၀ လောက်ကို သတ်ပစ်မယ်လို့ စစ်ကောင်စီတပ်က  ခြိမ်းခြောက်လို့  တိုက်ပွဲရပ်နားလိုက်ရတယ်လို့  YDF-ထီးလင်းတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် မနက်ပိုင်းမှာ အကြည်ဝါးဘင်းရွာထဲက ထွက်လာတဲ့ စစ်ကောင်စီ တပ်မ ၁၁ ကို YDF က ချုံခိုတိုက်ခဲ့တာမှာ စစ်ကောင်စီတပ် အထိနာခဲ့သလို  တပ်သားတယောက်နဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထီးလင်း (YDF Htilin) ကထုတ်ပြန်ထားပါတယ်။

ဒီနောက် စစ်ကောင်စီတပ်က ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အပြစ်မဲ့ပြည်သူ အယောက် ၂၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးခံရတဲ့ စစ်သားတယောက်နဲ့လက်နက်တွေ ပြန်မပေးပါက ဓားစာခံတွေ အားလုံးကို သတ်ပြီး တရွာလုံး မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက် အကျပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ 

YDF-ထီးလင်းရဲ့ ခေါင်းဆောင်က “အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာပြီး အကြည်ဝါးဘင်းရွာဘုန်းကြီးကျောင်းမှာတပ်စွဲပြီး  ဒေသခံပြည်သူ ၂၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထာတာဗျ။ YDF က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်နဲ့ လက်နက်ခဲယမ်းတွေကို ပြန်မပေးရင် ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ အဲဒီဘုန်းကြီးကျောင်းက သံဃာတော်တပါးရဲ့  ဖုန်းနဲ့ ဆက်သွယ်ညှိနှိုင်းကြတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

YDF ဘက်ကတော့ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားနဲ့ လက်နက်ခဲယမ်းတွေကို ပြန်မပေးဘဲ တိုက်ပွဲရပ်နားကာ ထီးလင်းမြို့ကို ရောက်တဲ့အထိ ထပ်မတိုက်တော့ဘဲ  လမ်းကြောင်းဖွင့်ပေးမယ်လို့ ကတိပေး လိုက်လျောလိုက်တဲ့ အတွက် သဘောတူညီမှုရရှိကာ ဧပြီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ရွာသား ၃ ယောက်ကို လူသားဒိုင်း အသုံးပြုကာ ပြန်လည်ဆုတ်ခွာသွားပြီး ဝက်သက်ရွာနားမှာ တပ်ဖျောက်ထားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် တိုက်ခိုက်ဖို့ပြင်ဆင်ထားသမျှ အားလုံးကို ဖျက်သိမ်းကာ လမ်းကြောင်းဖွင့်ပေးခဲ့ရပြီး အထိနာ ကြောက်လန့်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကတိကို မယုံရဲသေးဘဲ အကြည်ဝါးဘင်းရွာသား ၃ ယောက်ကိုပါ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းမှာ ရွာက ထွက်ခွာသွားခဲ့တာလို့  YDF Htilin ကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ  ဝက်သက်ကျေးရွာအနီး တောအတွင်း တပ်ဖျောက်ထားတယ်လို့ ဆိုပါတယ်။

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရွာသားသုံးယောက်ကတော့ နေ့လယ်ပိုင်းမှာ  ပြန်လည်လွတ်မြောက်လာပြီး ဝါးဘိုးချောင်ကျေးရွာသို့ ရောက်ရှိနေပြီလို့ သိရပါတယ်။

“ဖမ်းဆီးခံထားရတဲ့ ဓာစာခံ အယောက် ၂၀ လောက်ကိုလည်း မနေ့က ဧပြီလ ၂၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး လူသားဒိုင်း အသုံးပြုဖို့ ခေါ်သွားတဲ့ ရွာသား ၃ ယောက်ကတော့ ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ပြန်လွတ်လာတယ်ဗျ။ ကျနော်တို့ တပ်ဖွဲ့က ပြန်လွတ်လာတဲ့ ရွာသား ၃ ယောက်ကို ဘာမှမေးမြန်းလို့ မရသေးဘူး။ ပုံစံ ကြည့်ရတာတော့ စစ်ကောင်စီတပ်ဘက်က သူတို့ကို မူးယစ်ဆေးဝါးကျွေးလိုက်တဲ့ ပုံစံမျိုးဖြစ်နေတယ်” လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က ပြောပါတယ်။

YDF ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ မျက်နှာကို ​ကြည့်ပြီး ဆွေးနွေးမှုပြုလုပ်ကာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာတွေကို ဖျက်သိမ်းကာ လမ်းကြောင်းဖွင့်ပေးလိုက်ရတာလို့လည်း ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေကို သတိပြုပြီး သူတို့နဲ့ ဝေးဝေးရှောင်ရှားပေးကြဖို့နဲ့ စစ်ကြောင်းထိုးလာတဲ့ ကာလမျိုးမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့တို့ရဲ့ လမ်းညွှန်ချက်တွေကို အတိအကျ လိုက်နာကြဖို့လည်း YDF Htilin က တိုက်တွန်းလိုက်ပြီး နောက်နောင်မှာ အခုလိုကိစ္စတွေပေါ်လာပါက အလျှော့ပေးညှိနှိုင်းတော့မှာမဟုတ်ဘဲ စစ်ကောင်စီတပ်တွေကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေ အနေနဲ့ မနေ့က တရက်တည်းမှာ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ တနင်္သာရီတိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024