စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားမှာ ဧပြီ ၂၇ ရက် မနက် ၁၁ နာရီခွဲကျော်က စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မိုင်းဆွဲတိုက်ခိုက်တာကို အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PAFD)၊ တပ်ခွဲ DK PDF(PAFD)၊ မြောင်(CDSOM) နဲ့ Saging Underground Force (SUGF) စတဲ့ ညီနောင်မဟာမိတ်လေးဖွဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။
“စစ်ကားတွေက စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို လာတာ။ အထိအခိုက်တော့ရှိတယ်။ ကားပေါ် စစ်သားပါတာ နည်းလောက်တယ်” လို့ PAFD တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
စစ်ကောင်စီယာဉ်တန်းဟာ ကားစုစုပေါင်း ၁၃၀ ကျော်ရှိပြီး ကားတစီးပျက်စီးကာ လေးစီးထိမှန်တယ်လို့ PAFD က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာလည်း ဧပြီ ၂၆ ရက်က ကျေးရွာတွေကို စီးနင်း မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များတယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) က ထုတ်ပြန်ထားပါတယ်။