ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဧပြီ ၂၆ ရက်ညက ဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ည ၇ နာရီ ခွဲ လောက်က တော်ဝင်လမ်းထဲမှာရှိတဲ့ ယာဥ်ထိန်းရုံးမှာ ဗုံး ကွဲတာလို့ ဒေသခံ တယောက်က ပြောပါတယ်။
“ပေါက်ကွဲအားက ပြင်းသလို အလုံးကလည်း ၄ လုံးပေါက်တော့ အထိအခိုက်တော့ ရှိမယ်ထင်တယ်။ ညဆိုတော့ အပြင်မထွက်ဘူး။ အတိအကျ မသိသေးဘူး။”
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာလည်း ဧပြီ ၂၆ ရက် ည ၇ နာရီခွဲလောက်က အားပြင်းတဲ့ ပေါက်ကွဲမှု ၅ ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြောက်ဒဂုံ ဒေသခံတစ်ဦးက “ပေါက်ကွဲအားတွေက ပြင်းတယ်။ အသံကြီးတွေများ ကြောက်စရာကောင်းအောင် ကျယ်တာ၊ ဘယ်နေရာတွေမှာ ကွဲတယ်သေချာမသိသလို ထိခိုက်မှုလည်း အတည်ပြုနိုင်ခြင်း မရှိသေးဘူး” လို့ ပြော ပါတယ်။
အလားတူ ရန်ကုန်တိုင်းမှာ ဧပြီ ၂၆ ရက် တရက်တည်း ဒေါပုံ ၊ ဒဂုံဆိပ်ကမ်းနဲ့ အင်းစိန်မြို့နယ်တွေမှာလည်း ညပိုင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။