Home
မြန်မာသတင်း
ပိုင်နက် နယ်မြေအားလုံးနီးပါး ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ကေအန်ယူပြော
DVB
·
April 26, 2022

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  ပိုက်နက် နယ်မြေအားလုံးနီးပါးကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့  ကေအန်ယူတာဝန်ရှိသူတွေက ဧပြီ ၂၆ ရက်မှာ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကေအန်ယူ  တပ်မဟာ ၁ ၊ ၂ ၊ ၅၊ ၆ ထိန်းချုပ်နယ်မြေတွေအတွင်းကနေ စစ်ကောင်စီတပ်စခန်းတွေ သတ်မှတ်ရက်အတွင်း အပြီးထွက်ခွာဖို့အသိပေးပြီးနောက် တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို ကေအန်ယူအနေနဲ့ နယ်မြေတွေ အတော်များများကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက”တချို့စခန်းတွေကတော့ သူတို့အတိုင်းအတာတစ်ခုအထိ ဆုတ်ခွာပေးတာတွေရှိတယ်။ တချို့စခန်းတွေက အထက်အမိန့်ကို မလွန်ဆန်နိုင်လို့ ဒီအပေါ်မှာ ဆက်ပြီးခုခံတုံ့ပြန်တာတွေရှိတယ်။ နယ်မြေ ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီ”လို့ ပြောပါတယ်။

ကေအန်ယူအနေနဲ့ စစ်ဗျူဟာအခင်အကျင်း ပြောင်းလဲကျင့်သုံးရာမှာ စစ်မတိုက်ခင် စစ်ကြေညာပြီးမှ စစ်တိုက်တဲ့သဘောလုပ်ဆောင်လာခဲ့သလို စစ်တပ်ဘက်က ဆုတ်ခွာသွား မယ်ဆိုရင် အထိအခိုက်အနည်းဆုံးနဲ့ အကျအဆုံးမရှိနိုင်ဘူးလို့ တပ်မဟာ ၅ တာဝန်ရှိသူက ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၁ နယ်မြေအတွင်းက တပ်စခန်းတွေဖြစ်တဲ့ လေးကေ၊ ဝန်တာပန်တပ်စခန်း တွေ သတ်မှတ်ရက်အတွင်း ထွက်ခွာမပေးတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ တွေ ပိုမိုပြင်းထန်နေပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၁ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က “လက်ရှိအခြေအနေမှာ သူတို့တပ်အင်အားထပ်ပြီး မဖြည့်တင်းနိုင်ဘူးဆိုတော့ လက်ရှိစခန်းထိုင်နေတဲ့ တပ်အင်အားနဲ့ စခန်းအလဲအလှယ်လည်းမရှိဘူးဆိုတော့ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဆောင်နိုင်တော့ဘူး”လို့ ဆိုပါတယ်။

သထုံခရိုင်တပ်မဟာ ၁ နယ်မြေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်း ကနေ လက်နက်ကြီး ၂ လက်ကို စစ်ကောင်စီတပ်စခန်းတွေအတွက် ပို့ဆောင်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၁၊ ၂၊ ၅ နဲ့ ၆ နယ်မြေတွေမှာ တပ်စခန်းတွေ ထွက်ခွာသွားဖို့ အသိပေးပြီး နောက်ပိုင်း တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံတွေရဲ့ ကျေးရွာတွေအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ သိန်းကျော်ဟာ နီးစပ်ရာဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့  တောတောင်တွေအပြင် မြန်မာ-ထိုင်း နယ်စပ်တလျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး တောတောင်တွေအတွင်း မသန့်ရှင်းတဲ့ရေတွေကို သောက်သုံး နေရတာတွေကြောင့် ငှက်ဖျား၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးရောဂါတွေ အပြင်းအထန်ခံစားနေရသလို နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့  စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024