ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့မှာ ဧပြီ ၂၅ ရက်နေ့က မိန်းမဖြစ်သူအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ခင်ပွန်းဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ငါးပြေးမကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတာနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်ကုလားမစိန်ကို စစ်ကောင်စီ တပ်သားတွေက ၂ ကြိမ်ဖမ်းဆီးခဲ့တာကြောင့် မွန်းတည့် ၁၂ နာရီလောက်မှာ ခင်ပွန်းဖြစ်တဲ့ ဦးမောင်စိန်အောင် ဆွဲကြိုးချသေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူ့မိန်းမကို ၁၉ ရက်နေ့က ဖမ်းတယ်။ ၂၂ ရက်နေ့မှာ ပြန်လွှတ်တယ်။ ပြီးတော့ မနေ့က ၂၅ ရက်နေ့မှာ ထပ်လာဖမ်းတော့ သူ မခံနိုင်တော့လို့ အဲဒီလို လုပ်သွားတယ်ထင်တယ်။ ကြောက်တာလည်း ပါမှာပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေါ်ကုလားမစိန်ကို လာဖမ်းတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေက ရွာထဲ မူးရူးပတ်ဆဲပြီး ခြိမ်းခြောက်တာတွေလည်း ပြုလုပ်ခဲ့လို့ စိတ်ညစ်တာနဲ့ ကြောက်တဲ့စိတ်ပေါင်းပြီး ခုလိုမျိုး လုပ်သွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ငါးပြေးမကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၉ ရက်နေ့ညပိုင်းမှာပဲ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားပြီး ဧပြီ ၂၂ ရက်နေ့မှာ ၈ ဦး ပြန်လွှတ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဇနီးဖြစ်သူ ဒုတိယအကြိမ် အဖမ်းခံရချိန်မှာ ဆွဲကြိုးချသေဆုံးခဲ့တဲ့ အသက် ၆၀ အရွယ် ဦးမောင်စိန်အောင်ရဲ့ အလောင်းကို ဆေးရုံမှာ ရင်ခွဲစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ ဧပြီလ ၂ ရက်နေ့ကလည်း ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တဦးရဲ့ ဇနီးဖြစ်သူ အဆိပ်သောက် သေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။