Home
ဆောင်းပါး
ယူကရိန်းနဲ့ မြန်မာ့နွေဦး
DVB
·
April 26, 2022

ယူကရိန်းဘက်က ရပ်တည်ကြခြင်း

အရှေ့ ဥရောပတိုက်က ယူကရိန်းနိုင်ငံကို ရုရှားစစ်တပ်က  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ကျူးကျော် တိုက်ခိုက်နေတာ အခု ဧပြီ ၂၄ ရက်မှာ ၂ လပြည့်ပါပြီ။ အစောပိုင်းတုန်းကတော့ အဝေးကြီးကနေ ဒုံးကျည်တွေနဲ့ပစ်၊ လေကြောင်းကနေ ဗုံးတွေ တန်ပေါင်းများစွာ ကြဲချပြီး လေကြောင်းစိုးမိုးမှု ရယူထားတဲ့ အင်မတန်ကြီးမားအားကောင်းတဲ့ ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံကို တပတ်အတွင်းမှာ သိမ်းပိုက်နိုင်လိမ့်မယ်လို့ နိုင်ငံတကာ အစိုးရတွေ၊ စစ်ရေးကျွမ်းကျင်သူတွေက ခန့်မှန်းထားခဲ့ကြတာပါ။ ဒါပေမဲ့ သမ္မတ ဇလန်းစကီး (Volodymyr Zelenskyy) ရဲ့ ဦးဆောင်မှုအောက်က ယူကရိန်းတပ်မတော်နဲ့ ယူကရိန်းပြည်သူတွေရဲ့ အညံ့မခံ တုံ့ပြန်ရင်ဆိုင်မှုက ရုရှားစစ်တပ်ကြီးနဲ့ နိုင်ငံတကာ အကဲခတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံရဲ့ အစိုးရရုံးစိုက်ရာ ကိယက် (Kyiv) မြို့တော်အနီးအထိ ရောက်ရှိလာခဲ့တဲ့ ရုရှား စစ်တပ်ကြီးဟာ ယူကရိန်းစစ်တပ်နဲ့ ပြည်သူတွေရဲ့ ခိုင်ခိုင်မာမာ တွန်းလှန်ခုခံမှုကြောင့် အကျအဆုံး များစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရပါပြီ။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ရဲ့ မူလရည်ရွယ်ချက်က ယူကရိန်းတနိုင်ငံလုံးကို သိမ်းပိုက်၊ ဇလန်းစကီးအစိုးရကို ဖြုတ်ချ၊ ရုရှား ဩဇာခံ ရုပ်သေးအစိုးရတရပ် ဖွဲ့စည်းတည်ထောင်၊ ယူကရိန်းကို ရုရှားလက်အောက်ခံ နိုင်ငံတစ်ခုအဖြစ် ဖန်တီးပြီး တချိန်က ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါဝင်ပြီး အခု လွတ်လပ်ရေးရနေပြီဖြစ်တဲ့ အရှေ့ဥရောပနိုင်ငံငယ်လေးများကို ခြိမ်းခြောက်လွှမ်းမိုးဖို့ ဖြစ်ပါတယ်။

အခုတော့ ပူတင်ဟာ သူ့ရဲ့ အရေးနိမ့်မှုကို အဖတ်ဆယ်နိုင်ဖို့အတွက် ယူကရိန်းနိုင်ငံရဲ့ တောင်ပိုင်းဒေသတစ်ခုလုံးနဲ့ အရှေ့ပိုင်းက ဒွန်ဘတ်စ် (Donbas) ဒေသကို အပြည့်အဝထိန်းချုပ်ဖို့ သူ့ရဲ့ စစ်ရေးရည်မှန်းချက်ကို ပြောင်းလဲ အကောင်အထည်ဖော်နေပါတယ်။ ယူကရိန်းပြည်သူတွေရဲ့ ကြံ့ကြံ့ခံ တုံ့ပြန်တော်လှန်မှုနဲ့ အမေရိကန်နဲ့ ဥရောပမဟာမိတ်များရဲ့ စစ်လက်နက်နဲ့ ငွေကြေး ထောက်ပံ့ကူညီမှုတွေ ဘယ်လောက်ပဲ အားကောင်းပါစေ၊ ယူကရိန်းနိုင်ငံရဲ့ တစိတ်တဒေသကတော့ ရုရှားတို့ရဲ့ သိမ်းပိုက်မှုအောက်ကို ရောက်တော့မှာ သေချာသလောက်ရှိနေပါပြီ။

ကျနော်တို့ မြန်မာနိုင်ငံမှာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်တပ်က အရပ်သားအစိုးရ အဖွဲ့ကို ဖမ်းဆီးဖြုတ်ချပြီး နိုင်ငံတော်အာဏာကို မတရားသဖြင့် လုယူသိမ်းပိုက်သလိုပဲ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မတရားသဖြင့် လုယူသိမ်းပိုက်ဖို့ ရုရှားအာဏာရှင် ပူတင်က ကြိုးစားနေတာပါ။

မြန်မာနိုင်ငံမှာ အာဏာလုဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့၊ လက်နက်မဲ့ပြည်သူတွေ ထောင်နဲ့ချီပြီး အသက်တွေ သေဆုံးရ၊  သောင်းနဲ့ချီပြီး အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရ၊ အိမ်တွေ၊ ရွာတွေ၊ မြို့တွေ မီးရှို့ဖျက်ဆီးခံရ၊ ပိုင်ဆိုင်မှုတွေ လုယက်ခံရ၊ သိန်းနဲ့ချီတဲ့ ပြည်သူတွေ တောထဲတောင်ထဲ ထွက်ပြေး တိမ်းရှောင်နေကြရသလို ယူကရိန်းပြည်သူတွေဟာလည်း ရုရှားစစ်တပ်ကြီးရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအောက်မှာ အသက်တွေသေ၊ ဘဝတွေပျက်၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံး၊ အနာဂတ်တွေ ပျောက်ဆုံးနေကြတာပါ။ 

ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ မြန်မာ့အရေး လှုပ်ရှားကြသူတွေဟာ ယူကရိန်း ပြည်သူတွေရဲ့ ရုရှားစစ်တပ်ကြီးနဲ့ ရုရှားသမ္မတ ပူတင်တို့အား ဆန့်ကျင်တော်လှန်မှုတွေကို ထောက်ခံအားပေးကြပါတယ်။ ယူကရိန်း တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ဝါရှင်တန်ဒီစီမှာရှိတဲ့ ရုရှားသံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။ ယူကရိန်းပြည်သူများဘက်က ရပ်တည်ကြောင်း ပြကြပါတယ်။ တကယ်တော့လည်း ယူကရိန်းနိုင်ငံကို ကျူးကျော်နယ်ချဲ့နေတဲ့ ရုရှားသမ္မတ ပူတင်ဆိုတာ မြန်မာဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်နက်နဲ့ သံတမန်ရေးရာ အကာအကွယ်တွေ ပေးနေသူပဲ မဟုတ်လား။

ဒါပေမဲ့ တချို့အတွက်တော့ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေပါလိမ့်မယ်။ တချိန်တုန်းက ယူကရိန်းနိုင်ငံက မြန်မာစစ်တပ်ကို T-72 တင့်ကားတွေ ရောင်းချပေးခဲ့ဖူးပြီး အဲဒီ တင့်ကားတွေကို မြန်မာဖက်ဆစ်တပ်က ဒီကနေ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ပီဒီအက်ဖ်တပ်ဖွဲ့များကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ အသုံးချနေဆဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ယူကရိန်းဟာ အဖိနှိပ်ခံနိုင်ငံတစ်ခု ဖြစ်နေပေမဲ့ တချိန်တုန်းကတော့ ဖိနှိပ်သူ မြန်မာ ဖက်ဆစ်တပ်ကြီးကို ကူညီပြီး လက်နက်တပ်ဆင်ပေးခဲ့ဖူးပါတယ်။

ဒီနေရာမှာ သတိပြုဖို့က ယူကရိန်းနိုင်ငံက မြန်မာဖက်ဆစ်တပ်ကို တင့်ကားတွေ၊ လက်နက်တွေ ရောင်းချပေးခဲ့တာဟာ သမ္မတ ဇလန်းစကီး အာဏာမရခင် အချိန်က ဖြစ်ပါတယ်။ ဇလန်းစကီးက ၂၀၁၉ ခုနှစ်၊ မေလမှာမှ သမ္မတတာဝန် စတင်ထမ်းဆောင်တာပါ။ ဇလန်းစကီး အာဏာရပြီးတဲ့ နောက်ပိုင်းမှာ ယူကရိန်းနိုင်ငံဟာ မြန်မာစစ်တပ်ကို အာဏာသိမ်းမှုအတွက် အပြင်းထန်ဆုံး ရှုတ်ချဝေဖန်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ “မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းမှု (ရောင်းချမှု)များကို တားမြစ်ပိတ်ပင်ရေး” ဆုံးဖြတ်ချက် (ဆုံးဖြတ်ချက် ၇၅/၂၈၇) ကို ပူးတွဲတင်သွင်းသူဖြစ်သလို ထောက်ခံမဲပေးခဲ့တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။  အဲဒီနေ့၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ အထွေထွေညီလာခံအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၁၉၊ ကန့်ကွက်မဲ ၁၊ ပျက်ကွက်မဲ ၃၆ နဲ့ အတည်ပြုပြီးတဲ့နောက် ယူကရိန်းသံအမတ်ကြီး  ဆာဂေး ဂက်စလက်ယာ (Sergiy Kyslytsya) ပြောကြားခဲ့တဲ့ မိန့်ခွန်းကို အောက်ပါအတိုင်း မြန်မာဘာသာနဲ့ ပြန်ဆိုဖော်ပြချင်ပါတယ်။

ယူကရိန်းသံအမတ်ကြီး  ဆာဂေး ဂက်စလက်ယာ၏ မိန့်ခွန်း (ဇွန်လ ၁၈၊ ၂၀၂၁)

“ယူကရိန်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာ၊ ပြင်းထန်ပြီး သေစေနိုင်လောက်တဲ့ အင်အားတွေကို အသုံးပြုတာ၊ အဲဒီလို ပြင်းထန်တဲ့အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်တွေ အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းဝင်တွေအကြား ထိခိုက်ဒဏ်ရာရကြ၊ သေကျေပျက်စီးကြရတာတွေအတွက် အပြင်းထန်ဆုံး နည်းလမ်းနဲ့ ရှုတ်ချပါတယ်။”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီတို့မှ မြန်မာစစ်တပ်အား  ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေအပေါ် အကြမ်းဖက်တာကို ရပ်တန့်ဖို့၊ အရပ်ဘက်အ ဖွဲ့အစည်းတွေကို ရည်ရွယ်ပစ်မှတ်ထား တိုက်ခိုက်တာကို ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုချက်ကို ထပ်မံသတိပေးချင်ပါတယ်။”

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်အသစ်တွေနဲ့ ထပ်မံတရားစွဲဆိုမယ် ဆိုတဲ့သတင်းတွေ ကြားရတဲ့အတွက်လည်း ယူကရိန်းနိုင်ငံက အထူးစိတ်ပူပါတယ်။ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ တိုင်းပြည်တွင်းမှာ အရေးပေါ်အခြေအနေ ကြေညာထားတာကို အဆုံးသတ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ဖော်ဆောင်ဖို့ ယူကရိန်းနိုင်ငံက တောင်းဆိုပါတယ်။”

“အင်တာနက်ဖြတ်တောက်တာ အပါအဝင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်တွေကို ပိတ်ပင်ဟန့်တားတာတွေကိုလည်း ယူကရိန်းနိုင်ငံက သတိထားမိပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်အနေနဲ့ ဆက်သွယ်ရေးလုပ်ငန်းများအားလုံးကို အကန့်အသတ်မရှိ၊ အတားအဆီးမရှိ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။ မြန်မာစစ်တပ်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စော်ကားကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကို ပွင့်လင်းမြင်သာစွာ စစ်ဆေးဖော်ထုတ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူများအားလုံးကို အရေးယူဖို့ ယူကရိန်းနိုင်ငံက တောင်းဆိုပါတယ်။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးမယူဘဲ အကာအကွယ် ပေးထားတာတွေ ချက်ချင်းရပ်တန့်ဖို့ လိုအပ်ပါတယ်။”

“အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် ထိခိုက်နစ်နာမှုအရှိဆုံး ပြည်သူတွေထံ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အကန့်အသတ်မရှိ၊ အတားအဆီးမရှိ လုံခြုံစိတ်ချစွာ ပေးအပ်နိုင်ရေးကို တောင်းဆိုပါတယ်။ ရိုဟင်ဂျာလူမျိုးများအပါအဝင် တခြားသော တိုင်းရင်းသားလူနည်းစုတွေ သူတို့ရဲ့ မူလနေရပ်ဒေသကို သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ၊ စိတ်ချလက်ချ ပြန်ရောက်နေထိုင်နိုင်ရေးအတွက်လည်း တောင်းဆိုပါတယ်။ ဒီနေရာမှာ ယူကရိန်းနိုင်ငံက ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ရဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှုရှိရေး ကြိုးပမ်းအားထုတ်မှုတွေကို အပြည့်အဝထောက်ခံကြောင်း ထပ်မံပြောကြားလိုပါတယ်။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို အမြန်ဆုံး ပြည်ဝင်ခွင့်ပေးပြီး မြေပြင်ပေါ်က အခြေအနေတွေကို အသေးစိတ်လေ့လာခွင့်ပေးဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးအတွက် သံတမန်ရေးရာ ဆွေးနွေးဖြေရှင်းမှုတွေ မစခင် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ ဖန်တီးခွင့်ပေးရန် ထပ်မံတောင်းဆိုပါတယ်။”

“စိတ်မကောင်းရတာ တစ်ခုရှိပါတယ်။ ရှက်စရာလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် ၇၅/၂၈၇ ဟာ တကယ်ဆိုရင် မဲမခွဲဘဲ အများသဘောတူဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်ပါ။ အဲဒီလို မဲမခွဲဘဲ အများသဘောတူညီမှု (Consensus) နဲ့ ဆုံးဖြတ်နိုင်မှပဲ မြန်မာစစ်တပ်အတွက် ပိုပြီးအားကောင်းတဲ့ သတိပေးချက်ဖြစ်မှာပါ။ ဒါပေမဲ့ အခု ကျနော်တို့ရှေ့က ပိတ်ကားပေါ်မှာ မြင်နေရတဲ့ တစ်ခုတည်းသော အနီရောင်အစက်ကလေးဖြစ်တဲ့ ဘယ်လားရပ်စ် (Belarus) နိုင်ငံက ကျနော်တို့ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကို ကိုးကားဖော်ပြထားတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးတဲ့ တစ်ဦးတည်းသော နိုင်ငံက လုံခြုံရေးကောင်စီမှာ အလှည့်ကျအဖွဲ့ဝင်အဖြစ် အရွေးခံရဖို့ စာရင်းတင်သွင်းထားတဲ့ နိုင်ငံတစ်ခု ဖြစ်နေတာလည်း မှတ်သားစရာပါ။ ဒီနေ့ မဲရလဒ်ကိုယ်တိုင်က စကားတွေ အများကြီး ပြောသွားခဲ့ပါပြီ။ အာဏာရှင်နိုင်ငံတွေ အားလုံးဟာ ဟောဒီ အထွေထွေညီလာခံ ခန်းမကြီးထဲမှာ တဖြည်းဖြည်းနဲ့ အသေအချာ အထီးကျန်တွေ ဖြစ်နေပါလိမ့်မယ်။”

“လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ရှိပြီး ထိရောက်တဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်ပါ။ အဲဒီအတွက် အဓိကတရားခံကတော့ ရုရှားနိုင်ငံရဲ့ (မြန်မာစစ်တပ်ကို ထောက်ခံ အားပေးတဲ့) ရပ်တည်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အခု အထွေထွေညီလာခံက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းသော ဖြေရှင်းမှုတွေ ရရှိနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အချိန်ကိုက်၊ တိတိကျကျ တုံ့ပြန်မှုဖြစ်နိုင်လိမ့်မယ်လို့ ယူကရိန်းနိုင်ငံက မျှော်လင့်ပါတယ်။”

“နောက်ဆုံးအနေနဲ့ ယူကရိန်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာဏာပိုင်မှု၊ နိုင်ငံရေးအရ လွတ်လပ်မှုနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို ခိုင်မာစွာ ထောက်ခံမည်ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောကြားလိုပါတယ်။”

အပြန်အလှန် ထောက်ခံကြ၊ အပြန်အလှန်ကူညီကြ

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ယူကရိန်းနိုင်ငံက ပူးတွဲအဆိုပြုတဲ့အချိန်၊ ထောက်ခံမဲ ပေးတဲ့အချိန်၊ ယူကရိန်းသံအမတ်ကြီးက အထွေထွေညီလာခံအစည်းအဝေးမှာ အထက်ပါမိန့်ခွန်းကို ပြောကြားတဲ့အချိန်မှာ ယူကရိန်းနိုင်ငံကို နောက် ၇ လလောက်အကြာမှာ ရုရှားနိုင်ငံက ကျူးကျော် တိုက်ခိုက်လိမ့်မယ်။ ရုရှားရဲ့ ကျူးကျော်မှုကို ဘယ်လားရပ်စ်နိုင်ငံက အကူအညီပေးလိမ့်မယ်လို့ ကြိုတင်မသိခဲ့ကြပါ။ အဲဒီအချိန်ကတည်းက ယူကရိန်းနိုင်ငံက မြန်မာစစ်အုပ်စုအပေါ် ထောက်ခံ အားပေးတဲ့ ရုရှားနဲ့ ဘယ်လားရပ်စ်ကို ကန့်ကွက်ဝေဖန်ခဲ့တာပါ။ မြန်မာနိုင်ငံကို လက်နက်တွေ မရောင်းချရေး လှုံ့ဆော်ခဲ့တာပါ။ ဒီနှစ် ဇွန်လမှာလည်း မြန်မာနိုင်ငံကို၊ မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေး ဆုံးဖြတ်ချက်မူကြမ်းကို ထပ်မံတင်သွင်းကြပါလိမ့်ဦးမယ်။ ရုရှားတို့ရဲ့ ကျူးကျော်စစ်ကို အပြင်းအထန်ခုခံပြီး မိမိနိုင်ငံကို ကာကွယ်နေရတဲ့ကြားက ယူကရိန်းနိုင်ငံက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေး ဆုံးဖြတ်ချက် မူကြမ်းကို ပူးတွဲအဆိုပြုပါလိမ့်ဦးမှာပါ။ ထောက်ခံမဲလည်း ပေးမှာပါ။

ကျနော်တို့ကလည်း အဖိနှိပ်ခံချင်း၊ ဘဝတူချင်းဖြစ်တဲ့ ယူကရိန်းနိုင်ငံကို အပြည့်အဝ ထောက်ခံကြရမှာပါ။ ယူကရိန်း လိုအပ်တဲ့ လက်နက်တွေ မပေးနိုင်ပေမယ့်၊ ယူကရိန်းကိုသွားပြီး တိုက်ပွဲမဝင်နိုင်ပေမယ့်၊ ယူကရိန်းပြည်သူတွေဘက်က ရပ်တည်ကြောင်း၊ ယူကရိန်းပြည်သူတွေကို ထောက်ခံကြောင်း ပြရမှာပါ။ ရုရှားသံရုံးတွေရှေ့ သွားပြီး နယ်ချဲ့ဖက်ဆစ် ပူတင်ကို ဆန္ဒပြကြရမှာပါ။ 

ယူကရိန်းစစ်ပွဲဟာ မကြာခင် ပြီးဆုံးသွားနိုင်ပါတယ်။ ရုရှားစစ်တပ်ကြီးဟာ အလွန်စစ်ပန်းနေပါပြီ။ သူတို့ မထင်မှတ်ထားတဲ့ ယူကရိန်းပြည်သူတွေရဲ့ ဆန့်ကျင်မှု၊ အမေရိကန်နဲ့ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံများရဲ့ ရုရှားနိုင်ငံအပေါ် အင်မတန်ပြင်းထန်တဲ့ စီးပွားရေးအရ အရေးယူမှုတွေကြောင့် ရုရှားဟာ ဒီစစ်ကို အချိန်အကြာကြီး ဆက်တိုက်နိုင်စွမ်း မရှိတော့ပါ။ ရသလောက်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ယူကရိန်းနိုင်ငံ တစိတ်တပိုးကို ထိန်းချုပ်ပြီး စစ်ကို (အနည်းဆုံး) အချိန်ကာလတစ်ခုအထိ ရပ်တန့်ထားမယ်လို့ ယူဆပါတယ်။ ယူကရိန်းကလည်း ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ချက်ချင်း ပြန်လည်သိမ်းပိုက်ရေးထက် ကျန်တဲ့နယ်မြေကို လုံခြုံအောင် တည်ဆောက်ဖို့၊ စစ်ကြောင့် ပျက်စီးပြိုလဲသွားတာတွေကို ပြန်လည်ထူထောင်ဖို့၊ ယူကရိန်းတပ်မတော်ကို ခေတ်မီလက်နက်တွေနဲ့ ပိုပြီးခိုင်မာအားကောင်းအောင် တည်ဆောက်ဖို့ ကြိုးစားလိမ့်မယ် ထင်ပါတယ်။ 

ယူကရိန်းနိုင်ငံက ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကြီးကို ပိုပြီးထိရောက်တဲ့ အကူအညီတွေ ပေးနိုင်တဲ့ အခြေအနေမျိုး တချိန်ချိန်မှာ ရောက်လာနိုင်ပါတယ်။

အောင်ဒင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024