ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာ ယူခဲ့တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲ တရားစွဲထားတဲ့အမှု ဧပြီ ၂၆ ရက် ရုံးချိန်းမှာ အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုထားတဲ့ အမှု ငါးမှုကို ဧပြီလ ၂၅ ရက်နေ့က ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ပြီး ဒီနေ့ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အမှုတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး “All Absurd” အားလုံးဟာ မဟုတ်တမ်းတရားတွေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုထားဖူးပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အမှုတွေမှာတော့ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်၀န် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၀င် ဦးမင်းသူတို့လည်း အမှုမှာ ပါ၀င်နေတာဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်လာရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ အဆိုပါ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။