Home
မြန်မာသတင်း
ပြည်မြို့တွင် ၁၄ နှစ်အရွယ်လူငယ် ၁ ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီး
DVB
·
April 25, 2022

ပဲခူးတိုင်း၊ ပြည်မြို့၊ နဝင်းရပ်ကွက်နေ ၁၄ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်လေးတယောက်ကို   ဧပြီ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ ရဲတပ်ဖွဲ့က လာရောက် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံထံက သိရပါတယ်။

ဆိုင်ကယ်ကယ်ရီမောင်းတဲ့ ၉ တန်းကျောင်းသား မောင်မင်းခန့်ရဲ့  နဝင်းတာရိုးဘေး အကောက်တဲလမ်းရှိနေအိမ်ကို အရပ်ဝတ်နဲ့ ရဲ ၂ ယောက်၊ နဝင်းအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတို့အပါအဝင်   PDF ထဲဝင်သွားတဲ့ လူငယ်တယောက်ရဲ့ ဆွေမျိုးတွေ စုစုပေါင်း ၁၅ ယောက်လောက်နဲ့  လာရောက် ဖမ်းသွားတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “သူ့သူငယ်ချင်းတွေနဲ့အတူတူ ကျောင်းနားထားတုန်း  အိမ်မှာရှိတဲ့ သူ့အဖေ ဆိုင်ကယ်အားတဲ့အချိန်ယူပြီး ဆိုင်ကယ်ကယ်ရီမောင်းနေတာ၊ အဲ့ဒါ သူ့သူငယ်ချင်း တယောက်ရဲ့ မိဘတွေက သူ့သားတောထဲကိုသွားပြီး  PDF လုပ်တာကို ကားဂိတ်ကိုလိုက်ပို့လိုက်လို့ဆိုပြီး ရဲစခန်းကိုသွားတိုင်တာ အဲ့ဒါနဲ့ပဲ ရဲကလာဖမ်းတာ”လို့ ပြောပါတယ်။

မောင်မင်းခန့်ကို ဖမ်းဆီးသွားပြီးနောက် အမှတ်(၁)ရဲစခန်းမှာ အရင်ထားရှိကာ အမှတ်(၃)ရဲစခန်းကို ထပ်မံရွေ့ပြောင်းလိုက်ပြီး ရိုက်နှက်စစ်နေစဉ်  စစ်သားတချို့စစ်ကားနဲ့ ရောက်လာပြီး ခေါ်သွားပြီး ဘယ်ကို ခေါ်သွားလဲဆိုတာတော့ မသိရဘူးလို့  မှတ်(၃)ရဲစခန်းကနေ စုံစမ်းသိရပါတယ်၊

မှတ်(၃)စခန်းမှာ ဖမ်းဆီးထားစဉ် မောင်မင်းခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက် စစ်ကြောခဲ့ပြီး ခုအချိန်အထိတော့ သူ့ကို ဘာပုဒ်မမှ မတတ်ရသေးပဲ နောက်မှ စစ်တပ်ကပြောတဲ့ပုဒ်မ အတိုင်းတတ်ရတာလို့ ရဲဝန်ထမ်း တယောက်ထံက သိရပါတယ်။

အခုလို ဖမ်းဆီးသွားတဲ့အတွက် မောင်မင်းခန့်ရဲ့ မိသားစုမှာ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့   ရပ်ကွက်နေဒေသခံပြည်သူတယောက်က ပြောပါတယ်။

“မင်းခန့်က ဒါတွေသိမှာမဟုတ်ပါဘူး။ သူ့ဟာသူ ဆိုင်ကယ်ကယ်ရီဆွဲတာပဲ။  ငှားတဲ့လူရှိရင် လိုက်ပို့မှာပဲ။ စီးပွားရှာနေတာပဲ။ အဲ့ဒါကို သက်သက်လာဖမ်းသွားတာ။ သူ့အမေတို့ကလည်း အဆင် မပြေကြပါဘူး။ အိမ်မှာ စက်ချုပ်စားကြတာ၊ အခုလိုအချိန်က ဘာပွဲလမ်းမှမရှိတော့ စက်တောင်မချုပ်ရပါဘူး။ ဒီကလေးက တတ်နိုင်တဲ့ဘက်က  တဖက်တလမ်း ဝင်ငွေ ရှာဖွေပေးနေတာ အခုသူ့အမေတို့ ဒုက္ခရောက်တာပေါ့။”

ပြည်မြို့မှာ ဒေသခံပြည်သူတွေကို မကြာခဏဆိုသလို စစ်ကောင်စီက ဖမ်းဆီးနေပြီး ဧပြီ ၂၄ ရက် ညကလည်း နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်မြို့နယ် အန်ယ်လ်ဒီ ပါတီအလုပ်အမှုဆောင် ဦးကျော်ကျော်ဉာဏ်ဝင်းကို စစ်ကောင်စီက နေအိမ်မှာ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024