ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ်အတွင်းကို အင်းအားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဧပြီ ၂၂ ရက်က ပဲယင်းတောင်ရွာနဲ့ နွားဘန်းကြီးရွာက နေအိမ်တချို့ကို မီးရှိုးဖျက်ဆီးပြီး ရွာသား ၉ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျနော်တို့ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ရွာသားတွေကိုလည်း PDF လို့ စွပ်စွဲပြီး သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတယ်။ အခုသတ်ခံရတာ ၉ ဦးရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်နဲ့ ပျူစောထီးတွေဟာ ပဲရင်းတောင်ရွာက နေအိမ် ၂ လုံးနဲ့ နွားဘန်းကြီးရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နယ်ခံရွာသားတွေဖြစ်တဲ့ ကိုဗထူး၊ ကိုဖိုးပြောင်၊ ကိုလှရွှင်၊ ကိုတင်ဖေ၊ ကိုလှစိုး၊ ကိုထွန်းဦး၊ မောင်သက်အောင်၊ ကိုမျိုးထွေး၊ ကိုဝင်းနိုင်တို့ သတ်ဖြတ်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာမသိမ်းခင်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ဒေသအတွင်း ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးလုပ်ငန်းတွေ ထွန်းကားကာ တည်ငြိမ်းအေးချမ်းခဲ့တဲ့ဒေသတခု ဖြစ်ခဲ့ပါတယ်။
အာဏာသိမ်းနောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာပြန်လည်တောင်းဆိုခဲ့တဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေဟာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF)တွေဖွဲ့စည်းပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်တော်လှန်နေကြတာပါ။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ အပြစ်မဲ့ပြည်သူတွေကိုလည်း PDF လို့ စွပ်စွဲပြီး သတ်ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဓနုဒေသ ရွာငံမြိုနယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက် တောင်တန်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူကာ ကြည်းတပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။