စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေရှင်ရွာဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဧပြီ ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ CDF-KKG၊ ကလေးPDF၊ RKDF နဲ့ ပကဖပူးပေါင်းတပ်ဖွဲ့တွေ တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF-KKG က ထုတ်ပြန်ထားပါတယ်။
ကလေး PDF တပ်ဖွဲ့ဝင်တဦးက “သူတို့တွေက ရေရှင်ရွာဘက်စစ်ကြောင်းထိုးလာတာ။ ကျနော်တို့တပ်ဖွဲ့က ရေရှင်မှာ အထိုင်ချထားတာ။ လမ်းမှာ တိုက်မိုင်းတွေ မိပြီး သေကြတယ်။ တနေကုန်တိုက်ကြတာ” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်းကျွန်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်ကြောင့် အနီးအနားက လယ်ခြားရွာနဲ့ တခြားရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ရှောင်တဦးက “တိုက်ပွဲကတော့ မနေ့က ညအစောပိုင်းက စတာ။ ညကျတော့ လေယာဉ်သံ ကြားရတယ်။ ရွာဘက်တွေမှာ ဝဲနေတာ။ လုံခြုံတဲ့နေရာမှာဝပ်နေကြရတာ။ တိုက်ပွဲပြီးသွားပေမဲ့ အခြေအနေ မတည်ငြိမ်သေးလို့ ရွာမပြန်ရဲသေးဘူး” လို့ ပြောပါတယ်။
ရေရှင်ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာထဲကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်နေသလို စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ဒေသခံတွေ ရွာထဲ မနေရဲဘဲ စစ်ရှောင်စခန်းနဲ့ တောတောင်တွေထဲမှာ နေထိုင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ် တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။