ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဧပြီ ၂၂ ရက်ညပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းကျောင်းကုန်းကျေးရွာကနေ စစ်ကြောင်းထိုးလာစဉ် ချောင်းဝကျေးရွာနဲ့ မင်းကျောင်းကုန်းကျေးရွာကြားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ည ၇ နာရီခွဲလောက် မင်းကုန်းကျေးရွာက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်တာ။ ၁၅ မိနစ်လောက်ကြာတယ်။ လက်နက်ကြီး ပေါက်ကွဲသံလည်းကြားရတယ်။ ထိခိုက်သေဆုံးတာရှိနိုင်တယ်၊ တိတိကျကျတော့မသိဘူး” လို့ မင်းကုန်းကျေးရွာဒေသခံတဦးက ပြောပါတယ်။
ချောင်းဝကျေးရွာကနေ မင်းကုန်းကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အင်အား ၄၀ လောက်ကို ဗိုလ်မိုးကြိုးဦးဆောင်တဲ့ မြို့လှ KPDF တပ်ခွဲ ၁ က RPG/79mm လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စ်ဘက်က သေဆုံးမှု အများအပြားရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ Myo Hla PDF က ထုတ်ပြန်ထားပါတယ်။
ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ ရိက္ခာသယ်စက်လှေနဲ့ သင်္ဘောတွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကလည်း စစ်ကောင်စီ ရိက္ခာတင် စက်လှေတစီးကို မြို့လှ KPDF က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ကလည်း ဗျူဟာမှူးတစ်ဦး သုံးပွင့်ဗိုလ်နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက် လိုက်ပါလာတဲ့ ရိက္ခာတင် စက်လှေ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါသေးတယ်။