ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါဝင် ဝန်ကြီး ၇ ယောက်ကို ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီ တရားရုံးက အဂတိလိုက်စားမှုဥပဒေနဲ့ ထောင်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ တရားရုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၁၂ နှစ်၊ ဘဏ္ဏာအခွန်နဲ့ စီမံကိန်းဝန်ကြီး ဦးဝေလင်းကို ထောင်ဒဏ် ၉ နှစ်၊ လူမှုရေးဝန်ကြီး ဦးနေဝင်းကို ၃ နှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းကို ၃ နှစ်၊ လျှပ်စစ်နဲ့စက်မှု လက်မှုဝန်ကြီး ဦးဝင်းညွန့်ကို ၃ နှစ်၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှီလဆိုင်းကို ၃ နှစ်၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ (ခ) ခမ်းရယ်ကို ၃ နှစ် အသီးသီး ချမှတ်လိုက်တာလို့ NLD ပါတီတာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၇ ယောက်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက အဂတိတိုက်ဖျက်ရေးပုဒ်မအတွက် ဧပြီ ၈ ရက်နေ့ အမိန့်ချမှတ်မယ်လို့ စစ်ကောင်စီ တရားရုံးက ချိန်းဆိုထားပေယ့် အမိန့်ချပေးခဲ့ခြင်းမရှိဘဲ ဧပြီ ၂၂ ရက်နေ့မှာ အမိန်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ဝန်ကြီးတွေကို မြို့နယ်၊ ပြည်နယ် NLD ရုံးတွေ တည်ဆောက်ဖို့ လုပ်ငန်းရှင်တွေဆီက ငွေကြေးတောင်းခံထားတယ်ဆိုပြီး စွပ်စွဲကာ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါဝင် ဝန်ကြီးတွေအား ဖမ်းဆီးထိန်းသိမ်းပြီး စစ်ကြောရေးကို ပို့ဆောင်စစ်ဆေးကာ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ အပါအဝင် ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။