စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျောက်စေတီကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းကစပြီး တနေကုန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနက်ကတည်းက ဖြစ်တာ ခုထိနေ့လယ် ၃ နာရီထိ တိုက်နေကြတုန်း။ ဖြတ်သန်းသွားလာတဲ့ ခရီးသွားတွေကို SNA က စေတီဆိပ်ကျေးရွာကနေ တားဆီးပြီး ပြန်ခိုင်းတယ်” လို့ ခရီးသွားပြည်သူ တဦးက ပြောပါတယ်။
တိုက်ပွဲပြင်းထန်တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိနိုင်ပြီး ကျဆုံးစာရင်းကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒေသခံတဦးက “တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်၊ မနက်က စဖြစ်တာ အထက်ဘက်ကို အလုပ် လုပ်ဖို့ သွားမလို့ တိုက်ပွဲဖြစ်နေလို့ ဆက်မသွားဘဲပြန်ခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
PDF နဲ့ SNA တိုက်ပွဲ ဖြစ်သယောင် အရပ်သတင်းအဖြစ် ပြောဆိုတာတွေရှိပြီး ရှမ်းနီအမျိုးသားတပ်မတော် (SNA) အား ဒေသတွင်း နေထိုင်သူတွေ အထင်အမြင်လွဲမှားစေမယ့် ပြောဆိုတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကလည်း ခန္တီးမြို့နယ် မိုင်းနောင်ရွာအနီးမှာရှိတဲ့ SNA စခန်းငယ်တခုကို စစ်ကောင်စီတပ်က ဝင်တိုက်ရာ SNA ဘက်က အရာရှိ ၁ ဦးနဲ့ ခေါင်းဆောင်တဦးရဲ့သား ကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။