Home
ဆောင်းပါး
မူးယစ်ရာဇာတွေ ပျော်ရတဲ့ စစ်ခေါင်းဆောင်ရဲ့ လွတ်ငြိမ်းခွင့်
DVB
·
April 22, 2022

ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းသား ၁၆၀၀ ကျော်ကို လွှတ်ပေးခဲ့တာ အားလုံးလည်းအသိ ဖြစ်မှာပါ။ အဲဒီ လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ တပ်မတော်အက်ဥပဒေနဲ့ ရဲစည်းကမ်း အက်ဥပဒေ ချိုးဖောက်လို့ ပြစ်ဒဏ်ကျခံရတဲ့သူတွေ အများအပြားပါသလို နောက်ထပ် အများအပြားပါတာကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်နန်းစံနေရသူတွေပါ။ 

ထောင်နန်းစံတယ်ဆိုတဲ့အတိုင်းပဲ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျခံနေရသူအများစုက ထောင်ထဲမှာ ဘုရင်လို နေဖို့အတွက် အာဏာပိုင်တွေကို ပိုက်ဆံပေး လက်ဝါးချင်းရိုက် ငွေလမ်းခင်းပြီး ထောင် ဆိုတာကြီးကို သူတို့ဘဝရဲ့ နန်းတော်လို နေနေကြတဲ့သူတွေကိုး။ တွေးကြည့်လိုက်တော့လည်း ဒီလူတွေရဲ့ ဘဝတွေက ထောင်ပြင်ပ လူ့အဖွဲ့အစည်းမှာမဟုတ်ဘဲ ထောင်ထဲ ဝင်လိုက် ထွက်လိုက်နဲ့ ဘဝတွေဆိုတော့ အကျဉ်းထောင်ဆိုတာက သူတို့ရဲ့ ဘဝကြီးဖြစ်နေတဲ့အတွက် ထောင်ထဲ ဝင်လာသမျှ တခြားသူတွေကို ဘယ်လိုခေါင်းပုံဖြတ်ရမလဲ၊ အဲဒီလို ခေါင်းပုံဖြတ်လို့ရတဲ့ နေရာကို ရအောင် အာဏာပိုင်တွေကို ဘယ်လို လာဘ်ထိုးရမလဲဆိုတာ ကောင်းကောင်းကျွမ်းကျင်နေပြီလေ။

ဒီတခေါက် လွတ်ငြိမ်းကတော့ ပြည်သူတွေ မျှော်သာမျှော် မပျော်ရတဲ့ လွတ်ငြိမ်းပါ။ ပြည်သူတွေနဲ့ နိုင်ငံတကာက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေပေမဲ့ ဒီအခြေအနေကို မျက်ကွယ်ပြုပြီး မင်းအောင်လှိုင်တို့ ရွှေ့လိုက်တဲ့အကွက်တွေက ဘယ်လိုဖြစ်မလဲ စဉ်းစားစရာ ဖြစ်နေပါတယ်။

ကျနော့်အတွေ့အကြုံအမြင် သုံးသပ်ချက်အရ ပြောမယ်ဆို နိုင်ငံရေးဘားဂိမ်းမှာ မင်းအောင်လှိုင်တို့ အသာစီးမရသရွေ့ အထိနာနေသရွေ့ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လုံးဝ လွှတ်ပေးမှာ မဟုတ်ပါဘူး။ ဒါက အသေအချာပါပဲ။ လက်ရှိမှာလည်း အကြမ်းဖက်စစ်တပ်က မြေပြင်မှာ အထိနာနေကြတာကိုး။ ဒါကြောင့်လည်း ကျနော်ကတော့ စစ်အုပ်စုက သနားလို့ပေးတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ ကိုယ့်ရဲဘော်တွေ လွတ်လာလေမလားဆိုတဲ့ မျှော်လင့်ချက်ကို မထားတာပါ။ 

မင်းအောင်လှိုင်တို့ အကြမ်းဖက်စစ်အုပ်စုဟာ ကိုယ်ကျိုးစီးပွားကြည့်သူတွေပီပီ သူတို့အတွက် အကျိုးမရှိမယ့်အရာ ဘာတခုကိုမှ လုပ်ရိုးထုံးစံမရှိဘူး။ ဒါဆို အခု လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ တပ်မတော်အက်နဲ့ ရဲအက်တွေကတော့ သူတို့လူတွေဖြစ်လို့ သူတို့ ပြန်အသုံးချလို့ရအောင် သူတို့ အာဏာရှင်လူတစ်စုအတွက် အသေခံခိုင်းလို့ရအောင် လွှတ်ပေးတာလို့ လွယ်လွယ်တွက်ချက်လို့ ရပေမဲ့ မူးယစ်ဆေးဝါးမှုတွေက မင်းအောင်လှိုင်တို့ စစ်အုပ်စုအတွက် ဘာတွေအကျိုးဖြစ်မလဲ တချက်ကြည့်လိုက်ကြရအောင်။

စစ်တပ် အာဏာသိမ်းပြီးနောက်တော့ တနင်္သာရီတိုင်း၊ မြိတ်ထောင်မှာ ကျနော်  ၈ လနီးပါးလောက် ထောင်ထဲ အခြေအနေကို ဒုတိယအကြိမ် ပြန်လည်လေ့လာခွင့်ရခဲ့တယ်။ အဲဒီမှာ ဘာကို သတိထားမိလဲ ဆိုတော့ ထောင်ထဲရောက်နေသူ ၇၀ ရာခိုင်နှုန်းလောက်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်နေသူတွေသာ ဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျနော် အင်းစိန်ဗဟိုထောင်မှာ ၂ နှစ်လောက် လေ့လာခွင့်ရခဲ့တုန်းက မူးယစ်ဆေးဝါးမှုဆိုတာ သိပ်အများကြီးမရှိသေးဘူး။ ဒါပေမဲ့ အခု ဒုတိယအကြိမ် အကျဉ်းထောင်ထဲကို ပြန်လည်လေ့လာခွင့်ရခဲ့တဲ့အချိန်မှာတော့ ထောင်ထဲမှာ မူးယစ်ဆေးဝါးမှုတွေဟာ ထင်မထားလောက်အောင် များပြားလွန်းတယ်။ အဲဒါကြောင့်လည်း မူးယစ်ဆေးဝါးလောကရဲ့ ပြောစကားတွေ အများအပြားကိုလည်း ကြားသိခဲ့ရတယ်။ အဲဒီမှာ သိခဲ့ရတာကတော့ မူးယစ်းဆေးဝါးတွေရဲ့ နောက်ကွယ်မှာ စစ်အုပ်စု ခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေကြတယ်ဆိုတာ သေချာသိလာခဲ့ရတယ်။

မူးယစ်လောကနဲ့ စစ်အုပ်စု ဘယ်လို ပတ်သက်နေပါသလဲ။ ထောင်ထဲမှာ ကျနော် ကြားခဲ့တဲ့ ဇာတ်လမ်းတွေထဲက စိတ်ဝင်စားဖွယ်ကောင်းတဲ့သူတချို့အကြောင်းကို ပြန်ပြောပြပါ့မယ်။ ကျနော် သိခဲ့တဲ့သူတစ်ဦးက မြိတ်နဲ့ ကျွန်းစုဘက်ကို ရှပ်ပြေးလို့ ခေါ်တဲ့ ခရီးသည်တင် အမြန်ရေယာဉ် မောင်းတာ။ နောက်တော့ ချိတ်ဆက်မိပြီး မြိတ်ကနေ မလေးရှားရေပိုင်နက်အထိ ရေခဲလို့ လူသိများတဲ့ ကက်တမင်း ပုံဆောင်ခဲတွေကို သင်္ဘောနဲ့သယ်ပြီး သွားပို့ပေးရတဲ့သူ ဖြစ်လာတယ်။

အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီမူးယစ်ဆေးဝါးတွေကို ဘယ်သူက လာပို့ပေးတာလဲလို့ မေးတော့ သူတို့လုံခြုံရေးအရ အဆင့်ဆင့်လာတာဖြစ်လို့ အပေါ်ပိုင်းမှာတော့ ဘယ်သူတွေရှိလဲ ဆိုတာတော့ သူလည်းမသိဘူးတဲ့။ သူ သိတာကတော့ သူနဲ့ချိတ်ဆက်ပြီးလုပ်နေတာက မန္တလေးမှာ နေတဲ့ စစ်တပ်ခေါင်းကြီးပိုင်းထဲက တယောက်တဲ့ ကိုယ်ပိုင်လေယာဉ်တွေ ဘာတွေတောင် ရှိတယ်လို့ ပြောတယ်။ ဘယ်သူမှန်းတော့ တိတိပပ သူက  မပြောဘူး။

ဒါပေမဲ့ အဲဒီမူးယစ်ဆေးဝါးတွေကို မြိတ်မြို့ ကမ်းနားလမ်းက ဆိပ်ခံတံတားအထိကို  စစ်တပ်ပိုင် ဖောကားတွေနဲ့ လာချပေးတယ်။ နံပါတ်တွေပါတဲ့ လက်နက်တွေကအစ ထည့်ပေးလိုက်တယ်တဲ့ ပစ္စည်းသွားပို့ပြီးလို့ ပြန်ရောက်လာရင်တော့ အဲဒီလက်နက်တွေကို ပြန်အပ်ပေးရတယ် ပြောတယ်။ 

မြိတ်ကနေ မလေးရှား ရေပိုင်နက်အထိ အသွားအပြန် တစ်ပတ်ကြာတယ်။ ကယ်ရီခက တခေါက်ပို့ရင် သူ့အတွက်ချည်းပဲ သီးသန့်က ကျပ်သိန်း ၆၀၀၀ ရတယ်။ တခြားအဖော်ပါတဲ့ လှေသားတွေကတော့ တယောက်ကို ကျပ် သိန်း ၁၅၀ လောက် ရကြတယ်။ အားလုံး ၅ ယောက်၊ ၆ ယောက်လောက် သွားကြရတယ်တဲ့။ သူက မလေး စကားလည်း တတ်တယ်၊ မလေးဘက်ခြမ်းမှာ လာယူတဲ့သူတွေကလည်း မလေးရှားစစ်တပ်လို အဖွဲ့အစည်းထဲကပဲတဲ့။

နောက်တော့ သူတို့မိသားစု တဖြည်းဖြည်းနဲ့ အဆင်ပြေလာတာကို ရပ်ရွာထဲက မနာလိုတဲ့သူတွေက မကျေနပ်ဘူး။ အဲဒီတော့ အတိုင်ခံလိုက်ရတယ်တဲ့။ အဲဒီလိုတိုင်တဲ့အချိန်က ပစ္စည်းပို့ပြီး ပြန်လာတဲ့အချိန် သူ့လက်ထဲမှာက ICE တွေ နည်းနည်းယူထားတာရှိတယ်။ အဲဒါနဲ့ လက်နက်တွေနဲ့ မိသွားတယ်။ အမှုကလည်း တင်လိုက်ပြီဆိုတော့ စစ်တပ်ဘက်က လက်နက်တွေကို လာလဲသွားတယ် ပြောတယ်။ ဒီလိုနဲ့ သူလည်း ထောင် ၁၀ နှစ်ကျသွားတယ်။

နောက်ဖြစ်ရပ်တခုကတော့ မြိတ်မြို့၊ ကျွဲကူးကျေးရွာမှာ ဆိုက်ကပ်ထားတဲ့ စက်လှေတစ်စီးပေါ်ကနေ မြန်မာကျပ်ငွေ သိန်းပေါင်း ၂ သိန်း ၇ သောင်းကျော်ဖိုး (သိန်းတစ်သောင်းထီ ၂၇ ကြိမ်ဆက်တိုက်ပေါက်တဲ့ တန်ဖိုးနဲ့ညီမျှသည်) အဲဒီ ICE မူးယစ်ဆေးဝါးတွေကို  ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ဖမ်းဆီးရမိခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီသတင်းကို သေသေချာချာ ရေးသားဖူးလို့ မှတ်မိနေသေးတယ်။  ကျနော်က မြိတ်ထောင်ထဲကို  ၂၀၂၁ ခုနှစ် မတ်လပိုင်းမှာ ရောက်တော့ စကားဆက်မိရင်း အဲဒီကျွဲကူးကျေးရွာ စက်လှေမှာ မိတဲ့သူတွေရောလို့ မေးတော့ တနှစ်ကျော်အတွင်းမှာ အားလုံးနီးပါး လွတ်သွားကြပြီး စက်လှေ မောင်းတဲ့ ပဲ့နင်းတစ်ယောက်သာ ထောင် ၁၀ နှစ်ကျသွားတယ်လို့ သိရတယ်။ အဲဒီအမှုရဲ့ နောက်ကွယ်မှာ စစ်တပ်က အကောင်ကြီးတွေက နောက်ကွယ်ကနေ ရှင်းပေးကြလို့ အခုလို လွတ်သွားကြတာလို့လည်း ကြားမိပြန်တယ်။

အဲဒီတော့ မူးယစ်ဆေးဝါးတွေရဲ့ နောက်ကွယ်မှာ စစ်အုပ်စုက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ ပြောစကားအစုံကို ကြားသိခဲ့ရတယ်။ တချို့ဆိုရင် WY လို့ခေါ်တဲ့ ရာဘ စိတ်ကြွဆေး ဝယ်ချင်ရင် မြိတ်မြို့က စစ်တပ်ဝင်းထဲမှာ သွားဝယ်လို့ရတယ်။ တချို့ဆို ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် ဝင်းထဲမှာရှိတဲ့ ဗိုလ်ကြီး ဆိုတဲ့သူအိမ်မှာ မူးယစ်ဆေးဝါးတွေကို သိမ်းထားပြီး လိုတဲ့အချိန် သွားယူတယ်ဆိုတာတွေ။ စစ်တပ်က လူတွေကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းခိုင်းတာတွေ ဒီလို ကိုယ်တွေ့ ကြုံခဲ့တဲ့သူတွေရဲ့ ပြောစကား အများအပြားကို ကြားသိခဲ့ရတယ်။ တချို့ဆို နေပြည်တော်က Private  ဟိုတယ်မှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မူးယစ်ဆေးဝါးကို ဘယ်လို သုံးခဲ့ကြတာ၊ ဟိုတယ်ကလည်း အဲဒီလို မူးယစ်ဆေးဝါးသုံးဖို့အတွက် ထိုင်တဲ့ခုံမှာက ခလုပ်နှိပ်တာနဲ့ မူးယစ်ဆေးဝါး အဆင်သင့်ထွက်လာတဲ့ပုံမျိုး ဆေးရှူဖို့အတွက်ကို သီးသန့်လုပ်ပေးထားတာ ဒီလိုမျိုးတွေလည်း ပြောကြပြန်တယ်။

အခန့်မသင့်လို့ ထောင်ကျခဲ့ရင်တောင် သူတို့အတွက် ထောင် ၁၀ နှစ်ဆိုတာ ကျနော် သိသလောက် ၃ နှစ်လောက်နေပြီး လွတ်ငြိမ်းသက်သာ လျှော့ရက်တွေနဲ့ ပြန်လွတ်ကြတယ်။ တချို့တွေကျတော့လည်း စစ်ခေါင်းကြီးပိုင်းတွေရဲ့ အချိတ်အဆက်နဲ့ တရားရုံးမှာတင် ပြီးသွားတာ ရှိတယ်။  ပြန်လွတ်တော့ ဘာဆက်လုပ်မလဲ မေးလိုက်ပြန်ရင် ဒီအလုပ်ပဲ ပြန်လုပ်ကြမယ်လို့ ဖြေတဲ့သူ များတယ်။ သူတို့ ပြောသလို တွက်ချက်ရမယ်ဆိုရင် နှစ်အနည်းငယ်ရင်းရုံနဲ့ မူးယစ်ဆေးဝါး ရောင်းပြီး ရှာလို့ရတဲ့ငွေကို မီဖို့ ဘယ်လုပ်ငန်းမှ မရှိသေးဘူး ပြောတယ်။

မြိတ်မြို့နယ်ထဲမှာလည်း ဘယ်သူတွေကတော့ စစ်ခေါင်းဆောင်တွေနဲ့ လည်ပင်းဖက်ပေါင်းပြီး မူးယစ်ဆေးဝါး လုပ်နေကြတယ်ဆိုတာကို ထောင်တွင်းက မူးယစ်ဆေးဝါးရောင်းသူတွေရဲ့ ပြောစကားတွေအရ သိလာရတယ်။ တချို့ဆို မူးယစ်ဆေးဝါးမှုနဲ့ ၃ ကြိမ်ထက်မနည်း ခဏ ခဏ အဖမ်းခံရပြီး တရားရုံးမှာ ငွေထုပ်ပုံပေးပြီး ပြန်လွတ်သွားတဲ့ နာမည်ကြီးတဲ့ ခေါင်းကြီးပိုင်းတွေလည်း မြိတ်မြို့မှာရှိနေကြတယ်။

ဒီနေရာမှာ ကျနော်တချက်သွားစဉ်းစားမိတာ မကြာခဏ ဖမ်းမိနေတဲ့ မူးယစ်ဆေးဝါးတွေဟာ ပိုင်ရှင်မဲ့တွေပဲ ဘာကြောင့် ဖြစ်နေရတယ်ဆိုတာကို သိလာရသလို တနင်္သာရီပင်လယ်ပြင်နဲ့ တခြား ပင်လယ်ပြင်တွေထဲမှာ မကြာခဏ မျောပါနေတဲ့ ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးအထုပ်တွေဟာ မြန်မာပြည်ထဲမှာ မူးယစ်ဆေးဝါးတွေ ဘယ်လောက် ပေါများနေလဲ ဆိုတာက သက်သေပြနေသလို စစ်အုပ်စုရဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာကလည်း သူတို့ရဲ့ အသက်သွေးကြောတခုလို ဖြစ်နေတာကို သိခဲ့ရတယ်။ 

အဲဒီတော့ နိုင်ငံတကာက မင်းအောင်လှိုင်တို့ စစ်အုပ်စုတွေ လက်နက်မဝယ်နိုင်ဖို့ ပိုက်ဆံမရှာနိုင်ဖို့အတွက် စစ်အုပ်စုကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ပြီး ဘယ်လိုပဲ အရေးယူယူ စစ်ခေါင်းဆောင်တွေရဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်တင်ပို့ ရောင်းချမှုတွေက ဒေါ်လာ သန်းပေါင်းများစွာ ထုနဲ့ထည်နဲ့ ရှိနေတဲ့အတွက် သူတို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေအတွက်တော့ အသက်ရှူပေါက် ရှိနေသေးတယ်။

ဆိုလိုရင်းကို ပြန်ကောက်ရမယ်ဆိုရင် နှစ်ဆန်း ၁ ရက်နေ့မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မူးယစ်ဆေးဝါးမှုနဲ့ ကျခံရသူတွေ အများအပြားကို လွှတ်ပေးလိုက်တာဟာ စစ်အုပ်စုအတွက် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချပေးပြီး ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရှာပေးနိုင်မယ့်သူတွေကိုပဲ ပြန်လွှတ်ပေးလိုက်တာလို့ တထစ်ချ မြင်လိုက်မိတာပါပဲ။

တချိန်တည်းမှာပဲ စစ်အုပ်စုမှာ လိုငွေပြနေပြီ ဆိုတာကလည်း အားလုံးသိတဲ့ကိစ္စ ဖြစ်တယ် သက်သေအနေနဲ့က မကြာသေးခင်ကမှ အီရန်ကနေ ငွေစက္ကူရိုက်နှိပ်ဖို့ ကုန်ကြမ်းတွေ သယ်လာတဲ့ လေယာဉ်က နေပြည်တော်မှာ ဆင်းသက်ခဲ့သလို မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးသူတွေကို လွှတ်ပေးလိုက်တာကလည်း စစ်အုပ်စုအတွက် အကျိုးထူးမယ့်ကိစ္စပဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ ဒါကြောင့် အခုလိုကာလမျိုးမှာ အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စုက  မူးယစ်ဆေးဝါးတွေကို ခါတိုင်းထက် ပိုပြီးထုတ်လုပ်ရောင်းချတော့မလားဆိုတဲ့ အတွေးကလည်း နောက်ဆက်တွဲ သတိထား စောင့်ကြည့်ရမယ့်ကိစ္စပဲ။

အဲဒီတော့ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကရော နိုင်ငံတကာကပါ ဒီအခြေအနေတွေကို မြင်အောင်ကြည့်ပြီး မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုကို ချေမှုန်းဖို့ဆိုရင် စစ်အုပ်စုရဲ့ နောက်ကွယ်က မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုတွေနဲ့ ဆက်စပ်သူတွေကိုပါ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ လိုတယ်။ အမြစ်ဖြတ်နိုင်ဖို့ လိုတယ်။ အဲဒီလို ကိုင်တွယ်နိုင်မယ် ဆိုရင်တော့ အကြမ်းဖက်စစ်အုပ်စု ကျဆုံးခန်းရောက်ဖို့ ပိုပြီး နီးစပ်လာမှာပဲ ဖြစ်ပါတယ်။ 

အောင်ကျော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024